“မန္တလေးတောင်တော် ဆုတောင်းပြည့်ရင်ပြင်တော်ပေါ်တွင် ဆီမီးတစ်သောင်းထွန်းညှိပူဇော်ပွဲ ကျင်းပမည်”
14 Oct
မန္တလေးတောင်တော် ဆုတောင်းပြည့်ရင်ပြင်တော်ပေါ်၌ သတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာနေ့)တွင် ဆီမီး တစ်သောင်း ထွန်းညှိပူဇော်ပွဲ ကျင်းပသွားမှာဖြစ်ပြီး လျှပ်စစ်မီးများကိုလည်း တစ်တောင်လုံး ထွန်းညှိပူဇော်သွားမည် ဖြစ်ကြောင်း မန္တလေးတောင်တော်ဂေါပကအဖွဲ့မှ သိရပါတယ်။ ဆီမီးတစ်သောင်းပူဇော်ခြင်းကို နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် (၁၅)ကြိမ်မြောက် ပူဇော်ပွဲ အဖြစ်ကျင်းပမှာဖြစ်ပါတယ်။ အဆိုပါ ဆီမီးတစ်သောင်းပူဇော်ပွဲကို သီတင်းကျွတ်လပြည့်နေ့ ညနေ ၆ နာရီခွဲတွင် စတင် ကျင်းပသွားမှာဖြစ်ပြီး ည ၇ နာရီခွဲအထိ ဆီမီးထွန်းညှိပူဇော်မှုများကို စီစဉ်ထားရှိပါတယ်။ ဒါ့အပြင် မန္တလေးမြို့တော်အတွင်းရှိ မဟာမုနိဘုရားကြီး၊ မန္တလေးစွယ်တော်မြတ်စေတော်၊ ကျောက်စိမ်း စေတီတော် အစရှိတဲ့ ဘုရားပုထိုး စေတီတော်များတွင်လည်း ဆီမီးထွန်းညှိပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ မန္တလေးတောင်တော် ဆုတောင်းပြည့်ရင်ပြင်တော်ပေါ်တွင်ကျင်းပမည့် ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲသို့ လာရောက်ထွန်းညှိ ပူဇော်ကြမည့်သူများအနေနဲ့ မန္တလေးတောင်တော် ဂေါပကရုံးခန်းတွင် ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)