“ခြောက်လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၉၇၀,၀၀၀ ကျော်တင်ပို့ထား”
14 Oct
ယခုဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန် ဒေါ်လာ ၃၃၈ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၉၇၀,၀၀၀ ကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရပါတယ်။ အဆိုပါ ခြောက်လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုများအနက် လအလိုက်တင်ပို့မှုတွင် ဇွန်လတွင် တန်ချိန်နှစ်သိန်းကျော်ဖြင့် အများဆုံးတင်ပို့ထားပါတယ်။ လအလိုက် ပို့ကုန်ဝင်ငွေရရှိမှုမှာ ဇွန်လတွင် အမေရိကန်ဒေါ်လာ ၇၅ သန်းဖြင့် အများဆုံးရရှိထားပါတယ်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲများတင်ပို့ရာတွင် ပုဂ္ဂလိကကဏ္ဍမှနေ၍ ပြည်တွင်းရှိ ကုမ္ပဏီပေါင်း ၄၀ ကျော်မှ တင်ပို့နေခြင်းဖြစ်ပြီး တင်ပို့ရာတွင် အာရှဒေသတွင်းနိုင်ငံများအပြင် ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန် စသည့် ဥရောပနိုင်ငံများနှင့် အာဖရိကနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ လစဉ် တင်ပို့လျက်ရှိနေပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းမှထွက်ရှိသည့် ဆန်နှင့်ဆန်ကွဲများကို ပြည်ပနိုင်ငံများသို့ တန်ချိန် ၃ သန်းခန့် တင်ပို့ရန် လျာထားဆောင်ရွက်လျက်ရှိရာ ခြောက်လတာကာလအတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၉၇၁,၆၆၂ တန် တင်ပို့ထားပြီးဖြစ်ကြောင်း သိရပါတယ်။ (NVS-004)