“(၇၉)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကျင်းပမည်”

14 Oct

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး ကျင်းပမည့် (၇၉)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်၊ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌၊ စာပြန်ပွဲကို မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးနှင့် ဆွမ်းဆက်ကပ် ခြင်းကို သုံးထပ်ဆွမ်းစားဆောင်တို့ ၃၃ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။ အလှူရှင်များအနေနဲ့ သာသနာရေးဦးစီးဌာန စာမေးပွဲဌာနခွဲ ကမ္ဘာအေးကုန်းမြေ ရန်ကုန်မြို့ ညွှန်ကြားရေးမှူး ဖုန်း ဝ၉-၄၄၂၂၂၄၈၄၊ ဒုတိယညွှန်ကြားရေးမှူး ဖုန်း ဝ၉-၄၃၀၆၇၁၆၈ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားနှင့် စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးနှစ်ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒဩဝါဒါ စရိယဆရာတော်ကြီးကိုးပါး၊ ပုစ္ဆကဆရာတော်လေးပါး၊ ကြီးကြပ်ရေးဆရာတော်လေးပါး၊ စာထောက်စာမဆရာတော် အပါး ၁၇၀၊ အာဂုံပြန်စာရင်းသွင်းသံဃာ ၂၈၆ ပါး၊ သဘောရေးဖြေ စာရင်းသွင်းသံဃာ ၂၆၇ ပါး၊ စုစုပေါင်း ၇၄၂ ပါးတို့ ကြွရောက်တော်မူကြမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရပါတယ်။ (NVS-004)

14 Oct

ADVERTISE HERE .