“နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းရှိ အသေးစားစီးပွားရေးလုပ်ငန်းများကို UNDP ငွေကြေးထောက်ပံ့မည်”
14 Oct
၂၀၂၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းဒေသတို့မှ အသေးစားစီးပွားရေးလုပ်ငန်းများ ပြန်လည်ရပ်တည်နိုင်ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) က ငွေကြေးထောက်ပံ့ပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၁၉ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း အသိပေးထုတ်ပြန်ပါတယ်။ အဆိုပါအစီအစဉ်က ၂၀၂၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစားစီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိစေရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ငွေကြေးထောက်ပံ့မှု လျှောက်ထားမည့် အသေးစားစီးပွားရေးလုပ်ငန်းများက လုပ်ငန်းလည်ပတ်မှုသက်တမ်း အနည်းဆုံး နှစ်နှစ်ရှိရမည်ဖြစ်ပြီး အမျိုးသမီးများ၊ လူငယ်များနှင့် မသန်စွမ်းသူများ ဦးဆောင်သည့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အစီအစဉ်မှာ လက်ခံနိုင်တဲ့ဦးရေ အကန့်အသတ်ရှိသဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ရွေးချယ်ခံရသူ များကိုသာ အသေးစိတ် ဆက်သွယ်အကြောင်းကြားသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လျှောက်ထားခြင်းမှ ရွေးချယ်ခြင်း အထိ အစီအစဉ်တစ်ခုလုံးသည် အခမဲ့ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာပေးဆောင်ရန်မလိုအပ်ကြောင်း UNDP Myanmar က အသိပေးထားပါတယ်။ (NVS 008)