“ငွေဆောင်ကမ်းခြေအနီး Fish Condos ကိုးခုနှင့် Coral Beds များ တပ်ဆင်”

14 Oct

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေအနီးရှိ Bird Island နှင့် South Island ရေအောက်နေရာများတွင် ငါးများခိုလှုံနိုင်ရန် Fish Condos ကိုးခုနှင့် သန္တာအပိုင်းအစများ ပြန်လည်ရှင်သန်ကြီးထွားနိုင်ရန် Coral Beds များကို တပ်ဆင်ဆောင်ရွက်ထားကြောင်း UN-Habitat Myanmar က အသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါလုပ်ငန်းများကို Myanmar Underwater Organization(MUO)က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပင်လယ်ရေအောက်ရှိ ငါးများ၏ နေထိုင်ကျက်စားရာနေရာများ ဖန်တီးပေးရန်နှင့် သန္တာကျောက်တန်းများ ပြန်လည် ရှင်သန်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ သန္တာကျောက်တန်းများက ငါးများနှင့်အခြားရေနေသတ္တဝါများ၏ နေထိုင်ကျက်စားရာနေရာများဖြစ်တဲ့အပြင် ကမ်းရိုးတန်းဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပင်လယ်ဂေဟစနစ်ကို ထိန်းသိမ်းပေးရာမှာ အရေးပါကြောင်း UN-Habitat Myanmar က ဖော်ပြထားပါတယ်။ သို့သော် စွန့်ပစ်ငါးဖမ်းပိုက်များ၊ ငါးဖမ်းလုပ်ငန်းများနှင့် လှေကျောက်ဆူးများကြောင့် ထိခိုက်ပျက်စီးမှုများ အပြင် ပင်လယ်ရေညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် သန္တာကျောက်တန်းများ၏ ရှင်သန်မှုမှာ စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရကြောင်း သိရပါတယ်။ ၂၀၁၇ ခုနှစ်မှစတင်၍ ကမ်းခြေသန့်ရှင်းရေး၊ သန္တာကျောက်တန်းထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်း များနှင့် ရေအောက်လေ့လာစောင့်ကြည့်မှုများကို ဆောင်ရွက်ခဲ့ရာ Fish Condos များမှာ ငါးများ စတင်ခိုလှုံ၍ ပေါက်ဖွားနေပြီဖြစ်ကြောင်း UN-Habitat Myanmar က အသိပေးထားပါတယ်။ သန္တာကျောက်တန်းများ အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေရန် ရေရှည်စောင့်ကြည့်လေ့လာခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဖော်ပြထားပါတယ်။ (NVS 008)

14 Oct

ADVERTISE HERE .