“ဂျပန်နိုင်ငံရှိ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွင် ဉာဏ်ရည်တုနည်းပညာဖြင့် စီမံခန့်ခွဲသည့်ဌာန ဖွဲ့စည်း”

14 Oct

ဂျပန်နိုင်ငံရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း NEC သည် လူသားဝန်ထမ်းများမပါဝင်ဘဲ ဉာဏ်ရည်တု နည်းပညာဖြင့် စီမံခန့်ခွဲမှုလုပ်ငန်းဆောင်ရွက်သည့် ဌာနတစ်ခုအား စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဉာဏ်ရည် တု နည်းပညာအနေဖြင့် စီမံခန့်ခွဲရေးအပိုင်းတွင် မည်ကဲ့သို့အကူအညီပေးနိုင်သည်ကို လေ့လာရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါဌာနတွင် ဌာနအကြီးအကဲမှစတင်၍ ဝန်ထမ်းများအားလုံးသည် လူသားများ မဟုတ်ဘဲ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အေးဂျင့်များသာဖြစ်ပြီး ရာထူးနေရာ ၃၉ ခုရှိကာ တာဝန်ထမ်းဆောင်ရ သည့် လုပ်ငန်းကဏ္ဍများအလိုက် ၎င်းတို့အား နာမည်များပေးထားကြောင်း သိရသည်။ အဆိုပါဉာဏ်ရည်တု နည်းပညာလုပ်သားများသည် မှတ်တမ်းများကိုပြင်ဆင်ပေးခြင်းနှင့် သတင်းအချက်အလက်များ စုဆောင်းပေးခြင်း ဖြင့် အဆုံးအဖြတ်ပေးသူများအားအထောက်အကူပြုကြောင်းသိရသည်။ ၎င်းတို့၏လုပ်ငန်းတာဝန်များတွင် ဘဏ္ဍာ ရေး အခြေအနေကို လေ့လာသုံးသပ်ရန်အတွက် လစဉ်အရောင်းစာရင်းစစ်ဆေးခြင်း လုပ်ငန်းလည်း ပါဝင်သည်။ ဉာဏ်ရည်တုနည်းပညာဆိုင်ရာလုပ်သားများသည် နေ့စဉ်မနက်တိုင်း ပြိုင်ဘက်ကုမ္ပဏီများ၏ သတင်းကို လည်း စစ်ဆေးကြည့်ရှုခြင်းအား ဆောင်ရွက်ကြကြောင်း သိရသည်။ အဆိုပါဌာနအနေဖြင့် လုပ်ငန်းများ၏ တိုးတက်မှုကို စစ်ဆေးရန်နှင့် နောင်တွင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကိုသုံးသပ်ရန် တစ်ပတ်လျှင်တစ်ကြိမ် အမှုဆောင်အစည်းအဝေး ပြုလုပ်ကြောင်း သိရသည်။ အေအိုင်ဝန်ထမ်းတစ်ဦးက ကွန်ပျူတာအတွင်းသို့ ဂဏန်း တစ်ခုကို ထည့်သွင်းရာတွင် အမှားအယွင်းဖြစ်သည့်အခါ၌ ထိုသို့ထပ်မံမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ် မည့် နည်းလမ်းများကို ဆွေးနွေးရန် အေအိုင်ကြီးကြပ်သူတစ်ဦးက အဆိုပါဝန်ထမ်းအား တွေ့ဆုံမေးမြန်းမှု ပြုလုပ် ကြောင်း အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မိမိတို့လုပ်ငန်းအတွင်း အေအိုင်ဝန်ထမ်းများ၏ အခန်းကဏ္ဍများကို ချဲ့ထွင်လိုပြီး ယခုနှစ်အတွင်း အေအိုင်အေးဂျင့် ရာနှင့်ချီရှိလာစေလိုကြောင်း NEC ကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

14 Oct

ADVERTISE HERE .