“M League II ရာသီသစ်မှာ အသင်းတစ်သင်းကို ထောက်ပံ့ကြေး ကျပ်သိန်း ၅၀၀ အထိ တိုးမြှင့်ပေးအပ်မည်”
13 Oct
M League II 2026-27 ဘောလုံးရာသီမှာ ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ထောက်ပံ့ကြေး ကျပ်သိန်း ၅၀၀ အထိ တိုးမြှင့်ပေးအပ်မည်ဖြစ်ပြီး ရာသီအကုန် အကောင်းဆုံးကစားသမားဆုကြေးကိုလည်း ကျပ်သိန်း ၃၀ အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရပါတယ်။ M League II 2026-27 ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၁၂ ရက်က ရန်ကုန်မြို့ရှိ Mercure Yangon Kabar Aye ဟိုတယ်မှာ ကျင်းပခဲ့ရာ ပြိုင်ပွဲဆိုင်ရာ အစီအစဉ်များနှင့် ဆုကြေးတိုးမြှင့်သတ်မှတ်မှုများကို အသိပေးခဲ့ခြင်းဖြစ်ပါတယ်။ ယခုရာသီတွင် အသင်းတစ်သင်းလျှင် ထောက်ပံ့ကြေးကို ယခင် ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ သို့ တိုးမြှင့်ထားပြီး AYA Pay Player of the Match ဆုကြေးကိုလည်း ယခင် ကျပ်နှစ်သိန်းမှ ကျပ်ငါးသိန်းသို့ တိုးမြှင့်ထားပါတယ်။ ဒါ့အပြင် ရာသီအကုန် အကောင်းဆုံးကစားသမားဆုကြေးကို ယခင် ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၃၀ သို့ တိုးမြှင့်သတ်မှတ်ထားပါတယ်။ M League II 2026-27 ဘောလုံးရာသီကို အောက်တိုဘာလ ၁၅ ရက်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် မတ်လတွင်ပြီးဆုံးရန် စီစဉ်ထားကာ ပြိုင်ပွဲဝင်အသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်းများမှာ Rakhine United FC၊ Yarmanya United FC၊ University FC၊ Manaw FC၊ Royal Dagon FC၊ Enjoy Brother FC၊ VUE Nay Pyi Taw FC၊ Elite Kings FC၊ Asia Lion FC နှင့် Junior Lions FC တို့ဖြစ်ပါတယ်။ (NVS 008)