“ထားဝယ်မြို့ လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့ကို နိုင်ငံတော် သမ္မတ ဖူးမြော်ကြည်ညို”

13 Oct

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော် မြတ်ကြီးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ ၁၂ ရက်မှာ ဖူးမြော်ကြည်ညိုခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုပြီး ဘုရားကြီးဘက်စုံပြုပြင် မွမ်းမံမည့်အခြေအနေများကိုကြည့်ရှုစစ်ဆေးကာ ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့တာဝန်ရှိသူ များက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်ခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတက ရွှေတောင်စားစေတီတော်မြတ်ကြီးရှိ မဟာဝိဇယခေမသီတလ နိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီးအား ထိုးခတ်ပူဇော်ပြီး စေတီတော်မြတ်ကြီးပရိဝုဏ်တော် ရှေးဟောင်းသမိုင်းဝင် ရဟန္တာသိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြှော်ကြည်ညိုခဲ့ပါတယ်။ အဲဒီနောက်သိမ်တော်ကြီးကို ရှေးမူလက်ရာမပျက် ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်သမ္မတက ရွှေတောင်စားစေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ပြီး လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲ စေရေးနှင့် ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျစဉ်ဆက်မပြတ်ဆောင်ရွက် ရန်၊ စေတီတော်ကြီးရင်ပြင်တော်ရှိ အက်ကွဲပျက်စီးလျက်ရှိသည့်ကြွေပြားများကို ပြန်လည်ပြုပြင်လဲလှယ်ရန်နှင့် ရင်ပြင်တော်ကို အမြဲသန့်ရှင်းနေစေရေးဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ က ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိတဲ့ သက်တော် ၁၀၄နှစ် ဝါတော် ၈၄ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးဖြစ်သော ထားဝယ်မြို့ဇေယျဝတီ စာသင်တိုက် ပဓာနနာယက ဂဏဝိမုတ်ကူးတို့ဂိုဏ်းချုပ်ဆရာတော်အား ကျန်းမာရေးစောင့်ရှောက်ပေးထားရှိမှုကို ကြည့်ရှုခဲ့ပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်မှာကြားပြီး နဝကမ္မအလှူငွေများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ (NVS 008)

13 Oct

ADVERTISE HERE .