“အတိုးနှုန်းသက်သာသောအိမ်ရာချေးငွေစနစ်နဲ့ ရန်ကုန်မြို့ရှိ အိမ်ရာအခန်း ၂၀၀ ကိုနိုဝင်ဘာလမှာရောင်းချမည်”
13 Oct
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက် ထားတဲ့ ယုဇနအိမ်ရာစီမံကိန်းနှင့် ကျန်စစ်မင်းအိမ်ရာစီမံကိန်းတို့မှ အခန်းပေါင်း ၂၀၀ ကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အိမ်ရာအခန်းများတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအိမ်ရာစီမံကိန်း၊ အပိုင်း (၃) မှ ၈ ခန်းတွဲ ၅ ထပ်တိုက် အမှတ်(၄၊ ၁၂၊ ၂၈)တို့ရှိ အခန်း ၁၂၀ နှင့် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ၊ အပိုင်း(၁)မှ တိုက်အမှတ်(၅၁၊ ၅၄)တို့ရှိ အခန်း ၈၀ ပါဝင်ကြောင်း သိရပါတယ်။ အိမ်ရာဝယ်ယူရန် လျှောက်ထားသူများအနေနဲ့ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်(CHID Bank)မှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် စုဆောင်းထားရှိပြီးသူ ၂,၄၉၆ ဦး၏ စာရင်းတွင် ပါဝင်သူများ အားရောင်းချပေးမှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းလျှောက်ထားခြင်းကို DUHD Sale Housing Facebook Page ၏ Messenger မှတစ်ဆင့် နိုဝင်ဘာလ ၁၆ ရက်မှ ၂၀ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲအတွင်း လက်ခံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ လျှောက်ထားသူများအနေနဲ့ ရောင်းချမည့် အိမ်ရာစီမံကိန်းများ၏ တည်နေရာ၊ အဆောက်အအုံ အမျိုးအစား၊ အခန်းအကျယ်အဝန်းနှင့် ဈေးနှုန်းများကို လေ့လာပြီးနောက် အမည်၊ မှတ်ပုံတင်အမှတ်၊ CHID Bank နှင့် Down Payment Serial No. တို့ကို ပြည့်စုံစွာဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ သို့သော် တိုက်အမှတ်နှင့် အခန်းအမှတ်တို့ကို မိမိစိတ်ကြိုက် ရွေးချယ်လျှောက်ထားခွင့်မရှိကြောင်း သိရပါတယ်။ လျှောက်ထားသူများအနက် ရောင်းချနိုင်တဲ့ အခန်းအရေအတွက်နှင့်အညီ CHID Bank ၏ တန်းစီဇယားမှာ အစောဆုံးအမှတ်စဉ်ရရှိထားသူများကို အခန်းမဲနှိုက်ခွင့်ပြုသွားမည်ဖြစ်ပြီး အခန်းမဲနှိုက်ခြင်းကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခန်းဝယ်ယူခွင့်ရရှိသူများအနေနဲ့ သတ်မှတ်ထားတဲ့ အိမ်ရာချေးငွေကို မဖြစ်မနေရယူရမှာဖြစ်ကြောင်းလည်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးထားပါတယ်။ (NVS 008)