“ထားဝယ်မြို့ရှိ လမ်းများကို စနစ်တကျတိုးချဲ့ဖောက်လုပ်ရန် နိုင်ငံတော်သမ္မတ မှာကြား”
13 Oct
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ လမ်းများကို စနစ်တကျတိုးချဲ့ဖောက်လုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ ၁၂ ရက်မှာ ထားဝယ်မြို့တွင်းအားကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက ထားဝယ်မြို့အတွင်းနှင့် ကမ်းနားလမ်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးမှုနှင့် ကမ်းနားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ထားဝယ်မြို့၊ ကမ်းနားလမ်းကို နှစ်လမ်းသွားမှ လေးလမ်းသွားလမ်းမကြီးအဖြစ် ယာဉ်များလမ်းဘေးချရပ်နိုင်တဲ့ ယာဉ်ချရပ်များ၊ ဆိုင်ကယ်စီးနင်းသွားလာနိုင်တဲ့ လမ်းများအပါအဝင် တိုးချဲ့ဆောင်ရွက်ရန်၊ ထားဝယ်မြို့တွင်းလမ်းများကို အဆင့်မြှင့်တင်ရာမှာ နောင်အနာဂတ် ကာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များ ပိုမိုများပြားလာနိုင်မှုအပေါ် မူတည်၍ လမ်းများကို စနစ်တကျတိုးချဲ့ဖောက်လုပ်ရန် မှာကြားခဲ့ပါတယ်။ ဒါ့အပြင် လမ်းဘေးဝဲ/ယာတစ်လျှောက်နှင့် လူနေရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး အတွက် ရေစီးရေလာများကောင်းမွန်နေစေရေး ရေနုတ်မြောင်းများ စနစ်တကျဖောက်လုပ်ရန်၊ ရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရေး အမြဲမပြတ်ဖယ်ရှားရှင်းလင်းရန်၊ လမ်းဘေးဝဲ/ယာတစ်လျှောက် လမ်းမီးတိုင်များ စနစ်တကျတပ်ဆင်ထားရှိရန်၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ အရိပ်ရလေကာပင်များ စိုက်ပျိုးရန် မှာကြားခဲ့ပါတယ်။ (NVS 008)