“အမေရိကန်ပါမောက္ခနှစ်ဦး စီးပွာရေးသိပ္ပံဆိုင်ရာ နိုဘယ်လ်ဆု ရရှိ”
13 Oct
အမေရိကန်စီးပွားရေးပညာရှင် ပါမောက္ခ ရောဘတ်အီးဟောလ်နှင့် မိုက်ကယ်ဝုဒ်ဖို့ဒ်တို့သည် ၂၀၂၆ ခုနှစ် စီးပွားရေးသိပ္ပံဆိုင်ရာနိုဘယ်ဆုကို ပူးတွဲရရှိခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် မက်ခရိုစီးပွားရေးတည်ငြိမ်ရေးအတွက် မိုက်ခရိုစီးပွားရေးအခြေခံများဆိုင်ရာ သုတေသနပြုမှုကြောင့် ဆုရရှိခဲ့ကြခြင်းဖြစ်ကြောင်း တော်ဝင်ဆွီဒင်သိပ္ပံ အကယ်ဒမီက အောက်တိုဘာလ ၁၂ ရက်တွင် ကြေညာခဲ့သည်။ ၎င်းတို့၏သုတေသနသည် စီးပွားရေး တည်ငြိမ်ရေးမူဝါဒများ၏သက်ရောက်မှုကို နားလည်နိုင်ရန်နှင့်စီးပွားရေးအတက်အကျများကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အထောက်အကူပြုသည့် စီးပွားရေးပုံစံများ ဖွံ့ဖြိုးတိုးတက်လာစေရန် အရေးပါခဲ့သည်။ နိုဘယ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဂျွန်ဟက်စ်လာက ၎င်းတို့၏သုတေသနသည် ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်များနှင့်အစိုးရများ အသုံးပြုနေသည့် စီးပွားရေးပုံစံများအတွက် ခိုင်မာသောသီအိုရီအခြေခံကို ပံ့ပိုး ပေးထားကြောင်း ပြောကြားခဲ့သည်။ ယင်းပုံစံများသည် စွမ်းအင်အကျပ်အတည်းများနှင့်အိမ်ထောင်စုများ၏ သုံးစွဲမှုပုံစံ ရုတ်တရက်ပြောင်းလဲခြင်းကဲ့သို့သော စီးပွားရေးရိုက်ခတ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း အထောက်အကူပြုနိုင်သည်။ ဆုရရှိသူနှစ်ဦးအနက် ဟောလ်သည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ စတန်းဖို့ဒ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေပြီး ဝုဒ်ဖို့ဒ်သည် နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။