“လေဆိပ်တိုက်ခိုက်ခံခဲ့ရသည့် ရီယာ့ဒ်မြို့တွင် ကမ္ဘာ့စွမ်းအင်ညီလာခံ ဖွင့်လှစ်ကျင်းပ”

13 Oct

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယာ့ဒ်ရှိ ဘုရင်ခါလစ် အပြည်ပြည်ဆိုင်ရာလေဆိပ်တိုက်ခိုက်ခံရမှုကြောင့် လူသေဆုံးမှုများနှင့် လေကြောင်းခရီးစဉ်အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့သော်လည်း (၂၅)ကြိမ်မြောက် ကမ္ဘာ့ရေနံ ကောင်စီစွမ်းအင်ညီလာခံကို အောက်တိုဘာလ ၁၂ ရက်တွင် သတ်မှတ်အစီအစဉ်အတိုင်း ဖွင့်လှစ်ကျင်းပခဲ့ ကြောင်းသိရသည်။ ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဖူလုံရေး၊ စွမ်းအင်ဈေးကွက်၏ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် စွမ်းအင်စနစ်သို့ ကူးပြောင်းရေးတို့ကို အဓိက ထားဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ အစိုးရအရာရှိများ၊ စွမ်းအင်လုပ်ငန်းဆိုင်ရာ ခေါင်းဆောင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ ဆော်ဒီအာရေဗျနိုင်ငံစွမ်းအင်ဝန်ကြီး မင်းသား အဗ္ဗဒူလာဇစ် ဘင်ဆယ်လ်မန်နှင့် ကမ္ဘာ့ရေနံကောင်စီဥက္ကဋ္ဌ ပက်ဒရိုမီရက်စ်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။ ၎င်းတို့က သန့်ရှင်းသောစွမ်းအင်စနစ်သို့ ကူးပြောင်း ရေးကို ဆောင်ရွက်ရာတွင် စွမ်းအင်ထောက်ပံ့မှုတည်ငြိမ်စေရေးကိုလည်း တစ်ပြိုင်နက်တည်း ထိန်းသိမ်းရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ရီယာ့ဒ်မြို့ရှိ လေဆိပ်သည် အောက်တိုဘာလ ၁၀ ရက်က ဒုံးကျည် ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၃ ဦး သေဆုံးကာ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ထို့အပြင် အောက်တိုဘာလ ၁၁ ရက်တွင်လည်း လေဆိပ်၌ထပ်မံတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုများကြောင့် လေကြောင်းခရီးစဉ်များ အနှောင့်အယှက် ဖြစ်ပေါ် ခဲ့ပြီး ညီလာခံသို့တက်ရောက်ရန် စီစဉ်ထားသည့် စွမ်းအင်လုပ်ငန်းဆိုင်ရာအကြီးတန်းအရာရှိအချို့လည်း ခရီးသွား လာရေးအခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

13 Oct

ADVERTISE HERE .