“ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် CI စခန်း ၅ ခု အောက်တိုဘာလ ၁၄ ရက် ပြန်ဖွင့်မည်”

13 Oct

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးရေးစခန်း ၅ ခုကို အောက်တိုဘာလ ၁၄ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားရှိကြောင်း သိရပါ တယ်။ အဆိုပါ CI စခန်းများကို စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပြီး မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်၊ သွားလာ၊ အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ဥပဒေအရ ခံစားခွင့်များရရှိနိုင်ရေးအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ CI လျှောက်ထားလိုသည့် အလုပ်သမားများသည် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI စာအုပ်ဖိုး ဘတ် ၂,၆၆၀ ပေးသွင်းပြီး မိမိလျှောက်ထားလိုတဲ့ စခန်းနှင့် ရက်ချိန်းကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံတွင် ရရှိတဲ့ အခြေခံလုပ်ခလစာ သုံးလစာ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံပြန်လည်လွှဲပို့ထားကြောင်း သက်သေပြ နိုင်သည့် အထောက်အထားများကို CI လျှောက်ထားချိန်တွင် ပူးတွဲတင်ပြရမှာဖြစ်တယ်လို့ အသိပေးချက်တွင် ဖော်ပြထားပါတယ်။ ငွေပေးသွင်းပြီးနောက် 7-Eleven ဆိုင်မှ ရရှိသည့် ပြေစာနှင့်အတူ ရွေးချယ်ထားသော CI စခန်းသို့ သတ်မှတ် ရက်တွင် သွားရောက်လျှောက်ထားရမှာဖြစ်ပြီး အပိုကုန်ကျစရိတ် မရှိစေရန် အလုပ်သမားများကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင်၏ စီစဉ်ပေးမှုဖြင့်ဖြစ်စေ သွားရောက်နိုင်ကြောင်း အသိပေးထားပါတယ်။ CI လျှောက်ထားရာတွင် အခက်အခဲများရှိပါက အလုပ်သမားသံအရာရှိရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပြီး အလုပ်သမားသံအရာရှိရုံး (Call Center) 020030015၊ အလုပ်သမားသံမှူး (ဗန်ကောက်) 0618108454 ၊အလုပ်သမားသံအရာရှိ (ဗန်ကောက်) 0626890119၊ 0652206952၊ 0652206953၊ အလုပ်သမား သံအရာရှိ(မဲဆောက်) 0945866607၊ အလုပ်သမားသံအရာရှိ (ချင်းမိုင်) 0634818121 တို့ထံ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။

13 Oct

ADVERTISE HERE .