“အပူဒဏ်ကြောင့် သတိလစ်ခြင်းမှ အသက်အန္တရာယ်အထိ ဖြစ်ပွားနိုင်”

12 Oct

အပူချိန်မြင့်တက်ချိန်မှာ အပူဒဏ်ကြောင့် ခေါင်းမူးခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းမှ အသက်အန္တရာယ် ထိခိုက်ခြင်းအထိ ဖြစ်ပွားနိုင်သဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်ခြင်းနှင့်ပူပြင်းတဲ့နေရာများမှာ အလုပ်လုပ်ခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အသိပညာပေးထုတ်ပြန်ချက်အရ အပူဒဏ် အန္တရာယ်မှ ကာကွယ်ရန်အရိပ်ရပြီး အေးမြသောနေရာများမှာ နေထိုင်ခြင်း၊ ရေများများသောက်ခြင်း၊ အပြင်ထွက် တဲ့အခါ ထီး၊ ဦးထုပ်ဆောင်းခြင်းနှင့် အရောင်ဖျော့ပြီး ပွပွချောင်ချောင်ရှိသော ချည်ထည်များဝတ်ဆင်ခြင်းတို့ ပြုလုပ် ရန် တိုက်တွန်းထားပါတယ်။ ဒါ့အပြင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို လျှော့ချရန်၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ ပူပြင်းသောနေရာမှ အလွန်အေးသောအခန်းသို့ ချက်ချင်းဝင်ရောက်ခြင်းနှင့် အရက်သောက်ခြင်း တို့ကို ရှောင်ကြဉ်ရန်လည်း အသိပေးထားပါတယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ဖြစ်ပွား ပါက နုံးချိခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းနှင့် ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ အပူဒဏ်ကြောင့် သတိလစ်ခြင်း(Heat Stroke)အဆင့်သို့ ရောက်ရှိပါက ခန္ဓာကိုယ်အပူချိန် အလွန်အမင်းမြင့်တက်ခြင်း၊ အရေပြားပူပြင်းခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက် ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းနှင့်တက်ခြင်းတို့ ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အပူဒဏ်အန္တရာယ်ကို အထူးသတိပြုရမယ့်သူများမှာ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များ၊ ဆီးချို၊ နှလုံး၊ သွေးတိုးနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါရှိသူများ ပါဝင်ပါတယ်။ ဒါ့အပြင် ကာယလုပ်သားများ၊ အားကစားသမားများ၊ အဝလွန်သူများ၊ အရက်စွဲသူများနှင့် မူးယစ်ဆေးသုံးစွဲသူများကလည်း အပူဒဏ်အန္တရာယ် ပိုမိုကြုံတွေ့နိုင်တဲ့ အုပ်စုများဖြစ်ကြောင်း အသိပေးထားပါတယ်။ အပူဒဏ်ခံစားရသူကို တွေ့ရှိပါက အရိပ်ရပြီး အေးမြသောနေရာသို့ ချက်ချင်းရွှေ့ပြောင်းပေးခြင်း၊ လေဝင်လေထွက် ကောင်းစေရန် ဆောင်ရွက်ပေးခြင်း၊ ပန်ကာဖွင့်ပေးခြင်းနှင့် ရေပတ်တိုက်ပေးခြင်းတို့ဖြင့် ခန္ဓာကိုယ်အပူချိန် လျော့ကျစေရန် ဆောင်ရွက်ပေးသင့်ပါတယ်။ လူနာက သတိကောင်းစွာရှိပြီး မျိုချနိုင်တဲ့အခြေအနေမှသာ ရေ သို့မဟုတ် ဓာတ်ဆားရည် တိုက်ပေးသင့်ပြီး သတိလစ်နေသူကို ပါးစပ်မှ ရေ သို့မဟုတ် အခြားအရည်များ မတိုက်သင့်ကြောင်း သတိပေးထားပါတယ်။ အထူးသဖြင့် ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်းတို့ ဖြစ်ပေါ်လာပါက အပူဒဏ်ကြောင့် အသက်အန္တရာယ် ရှိနိုင်တဲ့ အရေးပေါ်အခြေအနေဖြစ်လို့ ခန္ဓာကိုယ်အပူချိန် လျှော့ချပေးခြင်းကို ချက်ချင်းစတင်ဆောင်ရွက်ကာ အရေးပေါ်ဆေးကုသမှုရရှိရန် ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ရမှာ ဖြစ်ပါတယ်။ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရန် နေပူပြင်းသည့်အချိန်များတွင် အပြင်ထွက်ခြင်းကို လျှော့ချရန်၊ ရေကို လုံလောက်စွာသောက်သုံးရန်နှင့် အပူဒဏ်လက္ခဏာများကို သတိပြု၍ လိုအပ်တဲ့ ကြိုတင် ကာကွယ်မှုများ ဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ (NVS 008)

12 Oct

ADVERTISE HERE .