“အယ်လ်နီညိုဖြစ်စဉ်အတွက် သံဖြူဇရပ်မြို့နယ်မှာ အပူရှောင်စခန်း ၅ ခုဖွင့်လှစ်မည်”

12 Oct

အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် ဒေသခံများ အပူဒဏ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အပူရှောင်စခန်း ၅ ခုဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအပူရှောင်စခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် သံဖြူဇရပ်မြို့နယ်ထွေအုပ်ရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ပြီး အပူဒဏ်အန္တရာယ်ကို ကြိုတင်ကာကွယ်ရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေပြတ်လပ်မှုမရှိစေရေး၊ ရေအရင်းအမြစ်များထိန်းသိမ်းရေးနှင့် ရေလုံလောက်စွာ ဖြန့်ဝေ ပေးနိုင်ရေးတို့ကို ကြိုတင်စီမံဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရပါတယ်။ အပူရှောင်စခန်းများမှာ လာရောက်နေထိုင်ကြမယ့် ဒေသခံများ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရန် နေရာထိုင်ခင်း များစီစဉ်ထားရှိရေး၊ ဖျာ၊ ခေါင်းအုံး၊ ပန်ကာနှင့် သောက်သုံးရေများ လုံလောက်စွာဖြည့်ဆည်းပေးရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးနှင့် အပန်းဖြေဖတ်ရှုနိုင်ရန် သတင်းစာ၊ ဂျာနယ်နှင့် စာအုပ်စာစောင်များ ထားရှိပေးရေးတို့ကိုလည်းဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

12 Oct

ADVERTISE HERE .