“သိုလှောင်ရုံစနစ်နဲ့ ကာလတိုချေးငွေထုတ်ပေးမည့်ဘဏ်များကို ဖိတ်ခေါ်နေ”

12 Oct

သိုလှောင်ရုံများမှာ သီးနှံအပ်နှံထားတဲ့ ကုန်အပ်လက်မှတ်ကို အာမခံအဖြစ်ထားရှိကာ ကာလတိုချေးငွေ ထုတ်ပေးနိုင်မည့်ဘဏ်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ် ထားပါတယ်။ အဆိုပါစနစ်မှာ သီးနှံကုန်စည်များကို သတ်မှတ်ထားတဲ့ သိုလှောင်ရုံများမှာအပ်နှံပြီး ရရှိလာတဲ့ ကုန်အပ် လက်မှတ်ကို အာမခံ သို့မဟုတ် အပေါင်အဖြစ် အသုံးပြုကာ ခြောက်လမှ ကိုးလအထိ သက်တမ်းရှိတဲ့ ကာလတို ချေးငွေများ ရယူနိုင်မှာဖြစ်ပါတယ်။ ချေးငွေများကို သင့်တင့်မျှတတဲ့ ဘဏ်တိုးနှုန်းနဲ့ ထုတ်ပေးနိုင်ရန် ရည်ရွယ်ထား ရှိပါတယ်။ ဆန်စပါးအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံများမှာ ရိတ်သိမ်းချိန် သီးနှံဈေးနှုန်းကျဆင်းမှုကြောင့် တောင်သူများ၏ ဝင်ငွေလျော့နည်းခြင်းကို ကာကွယ်နိုင်ရန် ယင်းစနစ်ကို အသုံးပြုသင့်ကြောင်း၊ ယင်းစနစ်အရ တောင်သူများက သီးနှံများကို သိုလှောင်ရုံမှာ အပ်နှံပြီး ကာလတိုချေးငွေရယူနိုင်မည်ဖြစ်ကာ ဈေးနှုန်းကောင်းမွန်တဲ့ အချိန်မှာ သီးနှံများကို ပြန်လည်ရောင်းချ၍ ချေးငွေပြန်လည်ပေးဆပ်နိုင်မည်ဖြစ်ပါတယ်။ MRF အနေနဲ့ “သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေခံတဲ့ငွေကြေးထောက်ပံ့မှုစနစ်” အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လမ်းညွှန်မှုများနှင့်အညီ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ယခုနှစ်စပါးပေါ်ချိန်ဖြစ်တဲ့ နိုဝင်ဘာလနှင့် ဒီဇင်ဘာလလများမှာ အဆိုပါစနစ်ကို စတင်အကောင်အထည် ဖော်ရန်စီစဉ်ထားပြီး MyRO စနစ်မှာ မှတ်ပုံတင်ထားတဲ့ သိုလှောင်ရုံ ၅,၈၈၆ ရုံအနက် အခြောက်ခံစက်များနှင့် သတ်မှတ်ချက်များ၊ လိုအပ်ချက်များ ပြည့်မီသည့် သိုလှောင်ရုံများကို ရွေးချယ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပူးပေါင်းပါဝင်လိုတဲ့ သိုလှောင်ရုံလုပ်ငန်းရှင်များအနေနဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း MRF ထံ အမြန်ဆုံးဆက်သွယ်၍ လုပ်ငန်းပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ထားပါတယ်။ တစ်ဖက်မှာလည်း တောင်သူများအနေနဲ့ တစ်ဦးချင်းသီးနှံအပ်နှံခြင်းထက် စနစ်တကျစုဖွဲ့၍ဖြစ်စေ၊ သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်း၍ဖြစ်စေ စုပေါင်းပါဝင်ဆောင်ရွက်ပါက ပိုမိုထိရောက်အကျိုးရှိနိုင်ကြောင်း MRF က အသိပေးထားပါတယ်။ (NVS 008)

12 Oct

ADVERTISE HERE .