“အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများညီညွတ်ရေးကောင်စီတို့ တွေ့ဆုံပွဲကျင်းပ”
10 Oct
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများညီညွတ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများညီညွတ်ရေးကောင်စီဥက္ကဋ္ဌ စဝ်ဆေခွန်းအောင်၊ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ဆေ စိုင်းကမ်၊ အတွင်းရေးမှူး စဝ်ဆေစိုင်းထူး၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် စဝ်ဆေအောင်ထွန်းနှင့် စဝ်ဆေ ကောင်းဆိုင်၊ တွဲဖက်အတွင်းရေးမှူး စဝ်ဆေဝမ်းဖှ တို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးရာတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများညီညွတ်ရေးကောင်စီနှင့် နေပြည်တော်၌ တရားဝင်တွေ့ဆုံမှုသည် ဒုတိယအကြိမ် ဖြစ်ကြောင်း၊ ဒေသတွင်း အကြမ်းဖက်အဖွဲ့များမရှိစေရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရည်ရွယ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့လက်နက်ကိုင်အဖွဲ့များသည် နယ်မြေဒေသရှိ သဘာဝ သယံဇာတများ ရယူလိုမှုဖြင့် စီးပွားရေးအကျိုးအမြတ်ပေါ်မူတည်၍ ဆောင်ရွက်နေကြကြောင်း၊ တိုင်းရင်းသားများ၏ နိုင်ငံရေးလိုလားချက် ဆန္ဒများအပေါ် တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားနေသည့်ဒေသများတွင် ပဋိပက္ခဒဏ်ခံစားနေရသူများမှာ အနာဂတ်နိုင်ငံတော်အတွက် လူသားအရင်းအနှီးများ ဖြစ်သော အမျိုးသမီး၊ ကလေးသူငယ်များအပါအဝင် ပြည်သူများသာဖြစ်ကြောင်း၊ ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) ဒေသတွင် လမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှစီမံကိန်းများ ချမှတ် ဆောင်ရွက်ပေးနေကြောင်း၊ အခြေခံအဆောက်အအုံများ ပြည့်စုံမှုရှိမှသာ လူမှုဘဝရပ်တည်ရေး၊ ပညာရေး၊ ကျန်းမာရေးများ ကောင်းမွန်မည်ဖြစ်ကြောင်း၊ SNUC/SNA အဖွဲ့သည် ငြိမ်းချမ်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း ဖြစ်သဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ ယင်းနောက် ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများညီညွတ်ရေးကောင်စီဥက္ကဋ္ဌ စဝ်ဆေခွန်းအောင် က SNUC/SNA အနေဖြင့် ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့ ဖြစ်ကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပါဝင်ခွင့်ရသဖြင့် ဝမ်းသာဂုဏ်ယူ ပါကြောင်း၊ မိမိတို့အဖွဲ့၏ အားနည်းချက်များအပေါ် လက်တွဲခေါ်ဆောင်ပေးသွားရန် တင်ပြလိုကြောင်း၊ ရှေ့ဆက်ပြီး နိုင်ငံတော်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာသူများက ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် စတုတ္ထအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးမှုအပေါ် ပြန်လည်သုံးသပ်ချက်နှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုချက်(မူကြမ်း)အား စိစစ်သုံးသပ်အတည်ပြုနိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာလိုအပ်ချက်များနှင့် တရားဝင်ကုန်သွယ်မှု၊ ထုတ်လုပ်မှုလုပ်ငန်းများဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါတယ်။ ဆက်လက်ပြီး ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများညီညွတ်ရေးကောင်စီအား နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုရေး၊ တပ်ပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) လူမျိုးများ၏ သမိုင်းကြောင်းအရ ပျံ့နှံ့နေထိုင်မှု၊ မှတ်ပုံတင်အရ လူမျိုးအမည်အသုံးအနှုန်း၊ ဒေသအသိအမှတ်ပြု လိုမှုတို့နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်သို့ တင်ပြဆောင်ရွက်နိုင်မည့်အခြေအနေများကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် သဘောတူညီထားသည့် “ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုချက်” အား လက်မှတ်ရေးထိုးကြပြီး နှစ်ဖက်ခေါင်းဆောင်များက အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သိရပါတယ်။(NVS 008)