“ငလျင်ဒဏ်သင့်မှုအခြေအနေ ပြင်းထန်ပြီး အစိုးရက ကူညီမှုများ ညှိနှိုင်းဆောင်ရွက်လျက်ရှိဟု ပနားမားနိုင်ငံ သမ္မတ ဆို”
10 Oct
ပနားမားနိုင်ငံ၌ အောက်တိုဘာလ ၉ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် အချို့သော လမ်းမကြီးများ ပျက်စီးခဲ့ရခြင်းအပါအဝင် ထိခိုက်ဆုံးရှုံးမှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ကြောင်း၊ ငလျင်ဒဏ်သင့်ဒေသသို့ ကူညီထောက်ပံ့ရန် အစိုးရက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သမ္မတ Jose Raul Mulino က ထိုနေ့တွင် ပြောကြားခဲ့သည်။ Jose Raul Mulino က ထိုနေ့တွင် Cocle ပြည်နယ် Penonome မြို့၌ ငလျင်ဒဏ်သင့်မှု အခြေအနေအား လေ့လာကြည့်ရှုစဉ် ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ငလျင်ဒဏ်သင့်မှုအခြေအနေက အလွန်ပြင်းထန်ပါတယ်ဟု မီဒီယာများကို ဆိုခဲ့သည်။ ၎င်းက ပြည်သူများကို စိတ်တည်ငြိမ်အောင်ထားကာ နိုင်ငံတော် အရပ်ဘက်ကာကွယ်ရေး စနစ်၏ လမ်းညွှန်ချက်များကိုလိုက်နာရန် တိုက်တွန်းခဲ့သည်။ ပနားမားနိုင်ငံ ကျန်းမာရေးဝန်ကြီး Dr. Fernando Boyd Galindo က Cocle ပြည်နယ်၊ Los Santos ပြည်နယ် နှင့် Herrera ပြည်နယ်တို့တွင် ငလျင်ဒဏ်ကို အပြင်းထန်ဆုံးခံစားခဲ့ရပြီး Los Santos ပြည်နယ် Tonos ခရိုင်တွင် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်သွားသောကြောင့် အစိုးရကယ်ဆယ်ရေး အဖွဲ့အစည်းများက ဝေဟင် လမ်းကြောင်းမှတစ်ဆင့် ဒေသတွင်းသို့ရောက်ရှိနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဆိုခဲ့သည်။ ပထမဆုံးအကြိမ်လှုပ်ခတ်ခဲ့သည့် ငလျင်၏ဗဟိုချက်မှာ ကျေးလက်တောရွာနှင့် မြို့ငယ်လေးများတွင် ဖြစ်ရာ လူဦးရေ အတန်အသင့်နည်းပါးကြောင်း၊ ပနားမားနိုင်ငံ အမျိုးသားအရပ်ဘက်ကာကွယ်ရေးစနစ်တွင် လက်ရှိ သေဆုံးသူ သို့မဟုတ် ပျောက်ဆုံးသူစာရင်းကို ဖော်ပြထားခြင်းမရှိသေးကြောင်း ဒေသတွင်းမီဒီယာများမှ ကနဦး ရရှိသောသတင်းများအရ Cocle ပြည်နယ် စာသင်ကျောင်းတစ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြကြောင်း၊ ငလျင်ဒဏ်ကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်း၊ ပြည်နယ် အစိုးရ ရုံးခန်းအဆောက်အဦနှင့် ဟိုတယ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အမေရိကန် ဘူမိဗေဒဆိုင်ရာသုတေသနအဖွဲ့(USGS) ငလျင်အချက်အလက်ကွန်ရက်၏ သတင်းအရ ပနားမားနိုင်ငံ Pitaloza Arriba ဒေသ အနီးတစ်ဝိုက်တွင် ဒေသစံတော်ချိန် အောက်တိုဘာလ ၉ ရက် ၁၂ နာရီ ၅၆ မိနစ်က ပြင်းအား ၇.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်ဟု သိရသည်။ ပနားမားတက္ကသိုလ် ဘူမိသိပ္ပံ သုတေသန အင်စတီကျုက ယခုအကြိမ် ငလျင်၏ပြင်းအားကို ၇.၅ အဆင့်ဟုသတ်မှတ်ခဲ့ပြီး ယင်းသုတေသန အင်စတီကျု တာဝန်ခံပုဂ္ဂိုလ်က ဒေသတွင်းမီဒီယာ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် အကြိမ်တစ်ရာကျော်လှုပ်ခတ်ခဲ့သည်ဟု အတည်ပြုပြောကြားခဲ့သည်။ (Repost from Xinhua)