“ဂင်းနစ်ကမ္ဘာ့စံချိန် ၃ ခုရရှိခဲ့တဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဒေါမန်း”
10 Oct
အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဒေါမန်း ဟာ ကောင်းမွန်တဲ့ခြေစွမ်းကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်း ၃ ခုကို ရရှိခဲ့ကြောင်း သိရပါတယ်။ လာမယ့် ဒီဇင်ဘာလမှာ အသက် ၁၇ နှစ်ပြည့်မယ့် ဒေါမန်း အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းကြီးနဲ့အတူ ပွဲစဉ် ၁၃ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ကာ အဲဗာတန်အသင်းနဲ့ပွဲမှာ လှပတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ၎င်းဂိုးကို သွင်းယူချိန်မှာ ဒေါမန်းရဲ့အသက်က ၁၆ နှစ်နဲ့ ၇၃ ရက်သာရှိသေးပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်း တစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီစံချိန်မတိုင်ခင်ကလည်း ဒေါမန်း ဟာ အသက် ၁၅ နှစ်နဲ့ ၃၀၈ ရက်အရွယ်မှာ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲကို ဝင်ရောက်ကစားထားခဲ့ပြီး ချန်ပီယံလိဂ်မှာ ပါဝင်ကစားခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းတစ်ခုကို ရယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီအကုန်မှာတော့ အာဆင်နယ်အသင်းအတွက် ၂၂ နှစ်ကြာဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ရာမှာ ဒေါမန်း က အသက် ၁၆ နှစ်၊ ၁၄၄ ရက်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။(NVS 008)