“လူမှုဖူလုံရေးအာမခံထားသူများ၏ သားသမီးပညာသင်စရိတ်များ လျှောက်ထားနိုင်”
10 Oct
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် လူမှုဖူလုံရေးအာမခံထားရှိသူများ၏ သားသမီးပညာသင်စရိတ်ကို ပညာရေးအဆင့်အလိုက် ကျပ် ၃၀,၀၀၀ မှ ကျပ် ၇၅,၀၀၀ အထိ ခံစားခွင့်ပြုပေးမည်ဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားကာ လျှောက်ထားရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၂၆) အရ သိရပါတယ်။ လူမှုဖူလုံရေးရန်ပုံငွေသို့ အနည်းဆုံး ၃၆ လ ထည့်ဝင်ကြေးပေးသွင်းထားသည့် အာမခံထားသူများ၏ သားသမီးများအနေနဲ့ နိုင်ငံပိုင်ကျောင်းများ သို့မဟုတ် နိုင်ငံတော်က အသိအမှတ်ပြုထားသည့်ကျောင်းများတွင် အချိန်ပြည့်ပညာသင်ကြားနေပါက ၎င်းပညာသင်စရိတ်ကို ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ သတ်မှတ်ထားရှိသည့် ပညာသင်စရိတ်ခံစားခွင့် နှုန်းထားများမှာ မူလတန်းအဆင့် သားသမီးတစ်ဦးလျှင် ကျပ် ၃၀,၀၀၀၊ အလယ်တန်းအဆင့် ကျပ် ၄၅,၀၀၀၊ အထက်တန်းအဆင့် ကျပ် ၆၀,၀၀၀၊ တက္ကသိုလ်အဝေးသင်အဆင့် ကျပ် ၆၀,၀၀၀ နှင့် တက္ကသိုလ်ပညာသင်ကြားနေသည့် သားသမီးတစ်ဦးလျှင် ကျပ် ၇၅,၀၀၀ အဖြစ် သတ်မှတ်ထားရှိ ပါတယ်။ ပညာသင်စရိတ်ခံစားခွင့်ကို လျှောက်ထားလိုသည့် အာမခံထားသူများအနေဖြင့် သက်ဆိုင်ရာအလုပ်ရှင်မှ တစ်ဆင့် လူမှုဖူလုံရေးနည်းဥပဒေများ နည်းဥပဒေပုဒ်မ ၁၀၃၊ ပုဒ်မခွဲ (ခ)တွင် သတ်မှတ်ထားသည့် အထောက်အထား များနှင့်အတူ သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးသို့ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။(NVS 008)