“နိုင်ငံတကာ ဆန်အမျိုးအစားများပြပွဲတွင် မြန်မာ့ပေါ်ဆန်းက ကမ္ဘာ့အကောင်းဆန်ဆု ရရှိ”

10 Oct

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်ကျင်းပသော International World Rice Conference 2026 နိုင်ငံတကာ ဆန်အမျိုးအစားများပြပွဲတွင် မြန်မာ့ပေါ်ဆန်းဆန်က World’s Best Rice Award ဆု ရရှိခဲ့ကြောင်း သိရပါတယ်။ မြန်မာ့ပေါ်ဆန်းဆန်အနေနဲ့ ၎င်းဆုကို ဒုတိယအကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့၌ကျင်းပသော နိုင်ငံတကာဆန်စပါးညီလာခံနှင့် ဆန်အမျိုးအစားများပြပွဲတွင် ပထမအကြိမ် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်၏ “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရမည်”လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ ယခုလိုနိုင်ငံတကာ အသိအမှတ်ပြုဆု ရရှိခြင်းအတွက် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများ၊ ပေါ်ဆန်းစိုက်ပျိုးသော တောင်သူ လယ်သမားများ၊ စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုမ္ပဏီများနှင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်နေမှုများကို ဂုဏ်ယူစွာအသိအမှတ်ပြုပါကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားရှိ ပါတယ်။ ယခုကဲ့သို့ မြန်မာ့ပေါ်ဆန်းမွှေးဆန် ကမ္ဘာ့အကောင်းဆုံးဆု ရရှိခြင်းအတွက် နိုင်ငံတော်သမ္မတက အထူး ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းနှင့် မြန်မာ့ဆန်စပါးကဏ္ဍမှ တောင်သူလယ်သမားများ၊ ဆန်စပါးထုတ်လုပ်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို အထူး ချီးကျူးဂုဏ်ပြုကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ နိုင်ငံတော်၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာ့လယ်ယာထွက်ကုန် တန်းမြင့်ဆန်များကို ယခုဘဏ္ဍာနှစ် ၂၀၂၆-၂၀၂၇ တွင် တန်ချိန် သုံးသန်း ပို့ကုန်ရည်မှန်းချက်ထားပြီး အဆိုပါ ရည်မှန်းချက်ကို ပြည့်မီကျော်လွန်စေရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

10 Oct

ADVERTISE HERE .