“ကစားသမားဘဝက အနားယူကြောင်းကြေညာခဲ့တဲ့ ပတ်ထရို”
09 Oct
စပိန်ဝါရင့်တောင်ပံကစားသမား ပတ်ထရို ဟာ ကစားသမားဘဝကနေ အနားယူကြောင်း အတည်ပြုကြေညာ ခဲ့ပါတယ်။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ပတ်ထရို ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ လာဇီယိုအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ကာ အခုအနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအကယ်ဒမီထွက် ပတ်ထရို အနေနဲ့ ဘာစီလိုနာအသင်းကြီးမှာ ကစားသမားဘ၀ အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ချဲလ်ဆီး၊ ရိုးမား၊ လာဇီယို စတဲ့ ဥရောပထိပ်တန်းကလပ်တွေမှာ ကစားခဲ့တာဖြစ်ပါတယ်။ ပတ်ထရို ဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ ယူရို၊ ကမ္ဘာ့ဖလား ချန်ပီယံဆု တွေရရှိဖူးတဲ့ တစ်ဦးတည်းသောကစားသမားလည်း ဖြစ်ပါတယ်။ ပက်ထရို အနေနဲ့ ကစားသမားဘဝမှာ လာလီဂါချန်ပီယံ ငါးကြိမ်၊ စပိန်ဘုရင့်ဖလား သုံးကြိမ်၊ စပိန်စူပါဖလား လေးကြိမ်၊ ချန်ပီယံလိဂ်ဖလား သုံးကြိမ်၊ ဥရောပစူပါဖလား သုံးကြိမ်၊ ကလပ်ကမ္ဘာ့ဖလား နှစ်ကြိမ်၊ ပရီးမီးယားလိဂ်ဖလား တစ်ကြိမ်၊ FAဖလား တစ်ကြိမ်၊ ယူရိုပါလိဂ်ဖလား တစ်ကြိမ်၊ ကမ္ဘာ့ဖလား တစ်ကြိမ်၊ ယူရိုဖလား တစ်ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ ပတ်ထရို ဟာ ပြိုင်ပွဲစုံ ၈၈၉ ပွဲ ကစားခဲ့ပြီး ၂၁၈ ဂိုးသွင်းယူကာ ၁၀၆ ဂိုးအထိ ဖန်တီးပေးခဲ့ပါတယ်။ (NVS 008)