“မြန်မာ-ရုရှား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုး”

09 Oct

မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးအတွက်သဘောတူစာချုပ်များ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါသဘောတူစာချုပ်များကို အောက်တိုဘာလ ၅ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ ဆဋ္ဌမအကြိမ် ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးအပြီးမှာ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ခြင်းဖြစ်ပါတယ်။ အစည်းအဝေးသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမတိုင်မီ ကော်မရှင်ပူးတွဲဥက္ကဋ္ဌများဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး တို့သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံ အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် ကော်မရှင်ရဲ့မျက်နှာစုံညီအစည်းအဝေးမှာ နှစ်နိုင်ငံအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများမှာ လက်ရှိပူးပေါင်း ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်အကောင်အထည်ဖော်မည့် အစီအစဉ်များနှင့်နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် အလားအလာများကို ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးအပြီးမှာ ဆဋ္ဌမအကြိမ် ကော်မရှင်အစည်းအဝေး၏ ဆွေးနွေးမှုမှတ်တမ်းကို အတည်ပြုခဲ့ပြီး သက်ဆိုင်ရာကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်ရေးအတွက် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

09 Oct

ADVERTISE HERE .