“ရွှေ၊ ရွှေကြမ်းနှင့် ရွှေထည်ပစ္စည်းများကို Online Sales မှတ်ပုံတင်နဲ့ ရောင်းချခွင့်မပြု”

09 Oct

ရွှေ၊ ရွှေကြမ်း၊ ရွှေလက်ဝတ်ရတနာများနှင့် ရွှေ၊ ရွှေကြမ်းဖြင့် ပြုလုပ်ထားတဲ့ အနုပညာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို အွန်လိုင်းမှ ရောင်းချရန် Online Sales မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ အွန်လိုင်းမှရွှေရောင်းဝယ်မှုများကြောင့် ရွှေဈေးနှုန်းနှင့် ဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်တဲ့ လုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်ခြင်းကြောင့် ရွှေနှင့်ရွှေကြမ်းအပါအဝင် ယင်းတို့ဖြင့် ပြုလုပ်ထားသောပစ္စည်း များကို Online Sales မှတ်ပုံတင်လက်မှတ်နဲ့ ရောင်းချခွင့်မပြုခြင်းဖြစ်ပါတယ်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက အွန်လိုင်းရောင်းချခြင်းလုပ်ငန်းများအတွက် မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် ကျောက်မျက်ရတနာသီးသန့် ရောင်းချသည့်လုပ်ငန်းများကိုမူ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက Online Sales မှတ်ပုံတင်လက်မှတ် ခွင့်ပြုပေးလျက်ရှိပါတယ်။ ကျောက်မျက်ရတနာများကို အွန်လိုင်းမှ ရောင်းချရန် လျှောက်ထားသူများအနေဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ ရောင်းဝယ်ရေးလိုင်စင်ရှိရမှာဖြစ်ပြီး ရွှေ၊ ရွှေကြမ်းဖြင့် ပြုလုပ်ထားတဲ့ ပစ္စည်းများ ရောင်းချခြင်းမရှိကြောင်း ဝန်ခံကတိပြု၍ လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Online Sales မှတ်ပုံတင်စနစ်အရ ရွှေ၊ ရွှေကြမ်းနှင့် ယင်းတို့ဖြင့် ပြုလုပ်ထားတဲ့ ပစ္စည်းများကို အွန်လိုင်းမှ ရောင်းချရန် မှတ်ပုံတင်ခွင့်ပြုခြင်းမရှိဘဲ သတ်မှတ်ချက်များနှင့်ကိုက်ညီတဲ့ ကျောက်မျက်ရတနာ သီးသန့် ရောင်းချမှုများကိုသာ ခွင့်ပြုပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

09 Oct

ADVERTISE HERE .