“ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်မြေရိုင်းများကို ကျူးကျော်အသုံးပြုပါက အရေးယူမည်”
09 Oct
ငွေဆောင်၊ ချောင်းသာအပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေ အပေါ်မှာ ခွင့်ပြုမိန့်မရှိဘဲ နေထိုင်၊ လုပ်ကိုင်၊ အသုံးပြုသူတွေကို စီမံခန့်ခွဲရေးဥပဒေနဲ့ အရေးယူခံရမယ်လို့ ဧရာဝတီ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီထံမှ သိရပါတယ်။ အနောက်ဘက်ကမ်းခြေဒေသများဖြစ်သည့် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီနဲ့ ဟိုင်းကြီး အပါအဝင် မြို့နယ်အသီးသီးမှာတည်ရှိတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများကို ဥပဒေနဲ့အညီ လျှောက်ထားရယူခြင်း မရှိဘဲ မိမိတို့ရဲ့သဘောနဲ့ နယ်နိမိတ်သတ်မှတ်၍ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ တစ်ဆင့်ပြန်လည် ရောင်းချခြင်းတို့ ဆောင်ရွက်ပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ ကျူးလွန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကော်မတီကနေ သိရပါတယ်။ အခုလိုကျူးလွန်ဆောင်ရွက်ထားသူများအနေနဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၃)ပါ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အပေါ်မှာ ရယူလုပ်ကိုင် အသုံးပြုလျှင်သော်လည်းကောင်း၊ အခုလိုလျှောက်ထားရာမှာလည်း ဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ ခွင့်ပြုရန်မသင့်တဲ့အတွက် မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းပေါ်မှ ထွက်ခွာဖယ်ရှားစေဖို့ ညွှန်ကြားလာပါက ၎င်းအမိန့်ကို မလိုက်နာဘဲ ဆက်လက်ရယူအသုံးပြုလျှင်လည်း ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် မြေလွတ်၊ မြေလပ်နဲ့မြေရိုင်းများအပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ဝင်ရောက်ကျူးကျော်နေထိုင်ခြင်း၊ ဝင်ရောက်ကျူးကျော်လုပ်ကိုင်ခြင်း၊ ဗဟိုကော်မတီနဲ့ တိုင်းဒေသကြီး စီမံခန့်ခွဲရေး ကော်မတီတို့ရဲ့ ခွင့်ပြုမိန့်မရရှိဘဲ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို အသုံးပြုသူမည်သူမဆို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၇ နဲ့ ပုဒ်မ ၂၇-ကပါပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးကြေညာထားကြောင်း သိရပါတယ်။ (NVS 008)