“အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ဒေသခံ ၄၅,၅၀၀ ကျော် ရေဘေးသင့်ခဲ့”
09 Oct
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် ဒေသခံ ၄၅,၅၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း အောက်တိုဘာလ ၈ ရက်သတင်းများအရ သိရသည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက် ပိုင်း ဒေသများဖြစ်သော အာသံ၊ အရူနာချယ်ပရာဒက်ရှ်နှင့် ဆစ်ကင်းပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် လူနေအဆောက်အအုံနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အထူးသဖြင့် အာသံ ပြည်နယ်တွင် မြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာများရေလွှမ်းမိုးခဲ့ပြီး ဒေသခံ ၄၅,၅၀၀ ကျော် ရေဘေးသင့်ခဲ့ ကြောင်း၊ အရူနာချယ်ပရာဒက်ရှ်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးမှုများ နှင့်မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် အရူနာချယ်ပရာဒက်ရှ်ပြည်နယ်ရှိ ဒေသတချို့တွင် မြေပြိုမှုများကြောင့် လမ်းများပိတ်ဆို့ခဲ့ပြီး တံတားများပျက်စီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နိုင်သဖြင့် မြေပြိုနိုင်သည့် တောင်တန်းဒေသများနှင့်မြစ်ချောင်းအနီး နေထိုင်သူများကို သတိပြုနေထိုင်ကြရန် အာဏာပိုင်များက သတိပေးထားပြီး အရှေ့မြောက်ပိုင်းဒေသများတွင် မိုးသည်းထန်မှုများ ဆက်လက်ဖြစ်ပေါ်ပါက ရေကြီးခြင်းနှင့် မြေပြိုမှုအန္တရာယ်များ ထပ်မံမြင့်တက်နိုင်သဖြင့် ကယ်ဆယ်ရေးအဖွဲ့များကို အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တပ်ဖြန့်ထားသည်ဟု ဒေသအာဏာပိုင်များက ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။