“ကာတာရှိ စစ်အခြေစိုက်စခန်းသို့ ဝင်ရောက်ခွင့်ငြင်းပယ်ခံရပြီးနောက် အီရန်စစ်ပွဲကုန်ကျစရိတ်များ အိမ်ဖြူတော် က ဖုံးကွယ်ထားဟု အမေရိကန်အထက်လွှတ်တော်အမတ် စွပ်စွဲ”

08 Oct

အမေရိကန်ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ်မာဖီ က ၎င်း၏ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ကာတာနိုင်ငံရှိ အရေးပါသော စစ်အခြေစိုက်စခန်းသို့ သွားရောက်ကြည့်ရှုခွင့်ကို ပင်တဂွန်က ပိတ်ပင်ခဲ့ကြောင်း အောက်တိုဘာလ ၆ ရက်တွင် ပြောကြားခဲ့ပြီး အိမ်ဖြူတော်အနေဖြင့် အီရန်စစ်ပွဲ၏ ကုန်ကျစရိတ်များနှင့် အကျိုးဆက် များကို ဖုံးကွယ်ထားသည်ဟုလည်း စွပ်စွဲပြောကြားလိုက်သည်။ ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ သွားရောက်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်တွင် ဒုတိယမြောက်နေရာအဖြစ် ရီယတ်မြို့သို့ရောက်ရှိစဉ် မာဖီ က Al Udeid လေတပ်အခြေစိုက်စခန်းသို့ သွားရောက်ခွင့် ငြင်းပယ်ခံခဲ့ရကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ “ဒီခရီးစဉ်ကနေ ကျွန်တော်အတည်ပြု သိရှိရတာကတော့ ဒီစစ်ပွဲရဲ့ ကုန်ကျစရိတ်တွေနဲ့ စစ်ပွဲကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ သက်ရောက်မှုတွေကို ကွန်ဂရက်နဲ့ အမေရိကန်ပြည်သူတွေမသိအောင် ဖုံးကွယ်ဖို့ အရင်ကမရှိဖူးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ လုပ်ဆောင်ကြိုးပမ်းမှုတစ်ရပ် ရှိနေတယ်ဆိုတာပါပဲ” ဟု ၎င်းက ပြောကြား ခဲ့သည်။ Al Udeid လေတပ်အခြေစိုက်စခန်းသည် အဆိုပါဒေသတွင်း အမေရိကန်၏ အကြီးဆုံးစစ်ဘက် အခြေစိုက် စခန်းဖြစ်ပြီး စစ်ပွဲစတင်ခဲ့သည့် ဖေဖော်ဝါရီနှောင်းပိုင်းမှစ၍ အီရန်၏အကြိမ်ကြိမ် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ အမေရိကန်ကွန်ဂရက် အခြားလွှတ်တော်အမတ် အများအပြားကလည်း ခုနစ်လကျော် ကြာမြင့်လာပြီ ဖြစ်သော အဆိုပါစစ်ပွဲ၏ ကုန်ကျစရိတ်၊ မဟာဗျူဟာနှင့် ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ပင်တဂွန်၏ ပွင့်လင်း မြင်သာမှု မရှိခြင်းအပေါ် ဝေဖန်ပြစ်တင်ခဲ့ကြသည်။ မှတ်ချက်မေးမြန်းရာတွင် ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ၎င်းအနေဖြင့် အဆိုပါ စစ်ဘက်အခြေစိုက် စခန်းသို့ ဝင်ရောက်နိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်ခံကူညီမှုရရှိမည်မဟုတ်ကြောင်းကို ခရီးစဉ်မစတင်မီ ကပင် မာဖီ၏ရုံးသို့ အသိပေးထားခဲ့ကြောင်း၊ ယင်းသည် ဒေသတွင်းသို့ ခရီးသွားလာမှုကို ကန့်သတ်သည့် ကာကွယ်ရေးဝန်ကြီး Pete Hegseth ၏ မတ်လက ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်နှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

08 Oct

ADVERTISE HERE .