“ကင်ညာနိုင်ငံ၌ ပထမဆုံး Bundibugyo အမျိုးအစား အီဘိုလာရောဂါ အတည်ပြုလူနာတွေ့ရှိ”

08 Oct

ကင်ညာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ၎င်းနိုင်ငံတွင် ပထမဆုံး ပြည်ပမှဝင်ရောက်လာသည့် Bundibugyo အမျိုးအစား အီဘိုလာရောဂါ အတည်ပြုလူနာတွေ့ရှိခဲ့ကြောင်း၊ ၎င်းလူနာသည် အောက်တိုဘာလ ၅ ရက်တွင် နိုင်ရိုဘီမြို့ ဆေးရုံတစ်ရုံ၌ သေဆုံးခဲ့ကြောင်း အောက်တိုဘာလ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကင်ညာကျန်းမာရေးဝန်ကြီး Aden Duale က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ လူနာမှာ ကင်ညာ နိုင်ငံသားဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၇ နှစ်အတွင်း ကွန်ဂိုနိုင်ငံ(DRC) ၌ နေထိုင်ခဲ့ကြောင်း၊ ၎င်းသည် အောက်တိုဘာလ ၃ ရက်တွင် နိုင်ရိုဘီမြို့သို့ ရောက်ရှိခဲ့ရာ ၎င်း၏ဆွေမျိုးများနှင့် မိတ်ဆွေများက ၎င်းအား Jomo Kenyatta လေဆိပ်မှ နိုင်ရိုဘီဆေးရုံသို့ တိုက်ရိုက်ပို့ဆောင်ခဲ့ပြီး သီးခြားကွာရန်တင်း အဆောက်အဦသို့ လျင်မြန်စွာရွှေ့ပြောင်းခဲ့ကြောင်း ဆိုခဲ့သည်။ လူနာက ဆေးရုံသို့ရောက်ရှိလာချိန်တွင် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အလွန်အမင်းအားနည်းခြင်း၊ ကြွက်သား နာကျင်ခြင်း၊ အစာ/ရေ မျိုချရာတွင် နာကျင်ခြင်း၊ လည်ပင်းနာခြင်းနှင့် ဆေးထိုးသည့် အစိတ်အပိုင်းများတွင် အရေပြား အောက် သွေးထွက်ခြင်းစသည့် လက္ခဏာများရှိကြောင်း၊ ၎င်း၏ ကွန်ဂိုနိုင်ငံ(DRC) ခရီးသွားနေထိုင်ခဲ့သည့် ရာဇဝင်နှင့် ဆက်စပ်၍ ဆရာဝန်များက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါဟု ဆုံးဖြတ်ကာ နမူနာယူ၍ ဆေးစစ်ခိုင်းခဲ့ကြောင်း၊ ကင်ညာနိုင်ငံ အမျိုးသားဗိုင်းရပ်စ်ရောဂါဗေဒ မှီငြမ်းမှုဓာတ်ခွဲခန်းနှင့် ကင်ညာနိုင်ငံ ဆေးပညာ သုတေသနအင်စတီကျု(KEMRI) ဓာတ်ခွဲခန်းတို့၏ စစ်ဆေးချက်ရလဒ် နှစ်ခုလုံးက နမူနာ၌ Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်ပိုးရှိသည်ဟု အဖြေထွက်ခဲ့ကြောင်း ကြေညာချက်ကဆိုထားသည်။ လူနာသည် ဒေသစံတော်ချိန် အောက်တိုဘာလ ၅ ရက်ညပိုင်းတွင် သေဆုံးခဲ့ကြောင်း၊ ကျန်းမာရေးဌာနက မိသားစုဝင်နှင့် ကယ်ဆယ်ကုသမှုတွင် ပါဝင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် အနီးကပ်ထိတွေ့ဖူးသူ ၂၈ ဦးကို စစ်ဆေးထားပြီး လေယာဉ်တစ်စင်းတည်းတွင် အတူလိုက်ပါလာသည့် အခြားခရီးသည်ဦးရေ ၂၀ ဦးနှင့် လေယာဉ် ဝန်ထမ်းအုပ်စုများအား ခြေရာခံမှုများ လုပ်ဆောင်လျက်ရှိရာ အန္တရာယ်ရှိသော လူအုပ်စုအား သီးခြားကွာရန်တင်း ထားရှိမှု အစီအစဉ်များကို အကောင်အထည်ဖော်လျက်ရှိကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ Aden Duale က ကြေညာချက်တွင် ပြည်သူများ ထိတ်လန့်ခြင်းမရှိရန် တိုက်တွန်းထားပြီး အဆိုပါနိုင်ငံက အီဘိုလာရောဂါ ဖြစ်ပွားမှုအား ကိုင်တွယ်စီမံသည့် ကာကွယ်ထိန်းချုပ်မှု အစီအမံများအားလုံး ရှိထားပြီးဖြစ်ကြောင်း၊ ပြည်သူများ မကြာခဏလက်ဆေးရန် သို့မဟုတ် အရက်ပြန်ပါသော လက်သန့်စင်ဆေးရည်များ အသုံးပြုရန်၊ အီဘိုလာရောဂါကူးစက်နေသည့် နိုင်ငံများမှလာပြီး ရောဂါလက္ခဏာပြနေသူများနှင့် ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဉ် ရန်နှင့် နေထိုင်မကောင်းပါက ချက်ချင်းဆေးကုသမှုခံယူရန် အကြံပြုခဲ့သည်။ ကွန်ဂိုနိုင်ငံ(DRC)က မေလ ၁၅ ရက်တွင် အီဘိုလာရောဂါ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ယခုအကြိမ် ရောဂါဖြစ်ပွားမှုသည် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး လက်ရှိတွင် အဆိုပါ ဗိုင်းရပ်စ်အတွက် အတည်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် သီးသန့်ကုသနည်း မရှိသေးကြောင်း သိရသည်။ (Repost from Xinhua Myanmar)

08 Oct

ADVERTISE HERE .