“မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ရပ်မှာ မြောက်ကိုရီးယားကို အမည်ဖျက်သည့် တောင်ကိုရီးယား၏ ကြီးမားသော ရန်စမှုဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနဆို”

08 Oct

မကြာသေးမီရက်က မြောက်ကိုရီးယား-တောင်မြောက်ကိုရီးယား စစ်မဲ့ဇုန်(DMZ)၌ ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ရပ်သည် တောင်ကိုရီးယားဘက်က တစ်ဖက်သတ်ပုံဖော်ဖန်တီး၍ အတင်းအကျပ် ကောက်ချက်ချမှတ်ထားသည့် ဟာသပြဇာတ်တစ်ခုဖြစ်ကြောင်း၊ တောင်ကိုရီးယားဘက်က ၎င်းတာဝန်ကို မြောက်ကိုရီးယားထံ လွှဲချစွပ်စွဲခြင်းသည် မြောက်ကိုရီးယားနိုင်ငံ ပုံရိပ်ကို ဖျက်ဆီးခြင်းဖြစ်ပြီး လုံးဝသည်းမခံနိုင်သော ကြီးမားသော ရန်စမှုတစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ(KCNA)၏ ထိုနေ့ သတင်းအရ သိရသည်။ ဤဖြစ်ရပ်သည် တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယား၏ တောင်ပိုင်းနယ်စပ် ခံတပ်ခိုင်မာအောင် ပြုလုပ်သည့် စီမံကိန်းကို စစ်ရေးကျူးကျော်မှုဟု အမည်ဖျက်ရန်နှင့် မတော်တဆမှုတာဝန်ကို မြောက်ကိုရီးယားထံ လွှဲချစွပ်စွဲရန် ရည်ရွယ်သော ကြံစည်မှုတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြောက်ကိုရီးယား အနေဖြင့် ပိုမိုပြတ်သားပြီး ရဲဝံ့သောနည်းလမ်းများဖြင့် တောင်ပိုင်းနယ်စပ်လုံခြုံရေးကို သေချာအောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယား ကြည်းတပ် အမှတ်(၂၅)တပ်မသည် စက်တင်ဘာလ ၂၁ ရက်တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား စစ်ရေးနယ်နိမိတ်မျဉ်းအနီး တောင်ကိုရီးယားဘက်ခြမ်း စစ်မဲ့ဇုန်အတွင်း တာဝန်ထမ်းဆောင်စဉ် မြေမြှုပ်မိုင်း မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်သားသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ခဲ့သည်။ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက အောက်တိုဘာလ ၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ တစ်ခုကျင်းပ၍ ထိုဖြစ်ရပ်၏ နောက်ဆုံးစုံစမ်းစစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ကာ ပေါက်ကွဲမှုသည် မြောက်ကိုရီးယားက စစ်ရေးနယ်နိမိတ်မျဉ်း တောင်ဘက်ခြမ်းတွင် မြှုပ်နှံထားသော လူသတ်မိုင်း(anti-personnel landmines) ကြောင့် ဖြစ်ရသည်ဟု ဆိုခဲ့ပြီး မြောက်ကိုရီးယားဘက်အနေဖြင့် တောင်းပန်ရန်နှင့် သက်ဆိုင်ရာမြေမြှုပ်မိုင်းများကို ချက်ချင်း ရှင်းလင်းရန် တောင်းဆိုခဲ့သည်။ (Repost from Xinhua Myanmar)

08 Oct

ADVERTISE HERE .