“အမေရိကန်၏ အီရန်စစ်ပွဲအတွင်း F-15 တိုက်လေယာဉ် ၁၂ စင်းအပါအဝင် စစ်လေယာဉ် ၈၁ စင်း ဆုံးရှုံး ခဲ့ကြောင်း အစီရင်ခံစာဖော်ပြ”
08 Oct
ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် စစ်ရေးတိုက်ခိုက်မှု စတင် ခဲ့ချိန်မှစ၍ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် ၈၁ စင်း ထိခိုက်ပျက်စီးခဲ့ကြောင်း အမေရိကန် လွှတ်တော် သုတေသနဝန်ဆောင်မှုဌာနက အောက်တိုဘာလ ၅ ရက်ကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။ အဆိုပါ အစီရင်ခံစာအရ စစ်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့သည့် လေယာဉ်များတွင် F-15E တိုက်လေယာဉ် ၁၂ စင်း၊ A-10 Thunderbolt တိုက်ခိုက်ရေးလေယာဉ် ၂ စင်း၊ KC-135 လောင်စာဖြည့်လေယာဉ် ၇ စင်း၊ E-3 Sentinel ကြိုတင်သတိပေး စောင့်ကြည့်ရေးလေယာဉ် ၁ စင်း၊ MQ-4C အကြီးစား မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ် ၁ စင်း နှင့် MQ-9 Reaper မောင်းသူမဲ့လေယာဉ်ငယ် ၄၅ စင်း စသည်တို့ပါဝင်ကြောင်း သိရသည်။ သတင်းမီဒီယာများ၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM)နှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆေးရေးမှူးချုပ်တို့ထံမှ ရရှိသည့် အချက်အလက်များကို အခြေခံ၍ သက်ဆိုင်ရာအချက်အလက်များကို ဖော်ပြထားခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကွန်ဂရက် လွှတ်တော်သည် ပျက်စီးခဲ့သည့်လေယာဉ်များကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် လိုအပ်သည့်ရန်ပုံငွေ တောင်းခံ မှုကို အတည်ပြုပေးမည်၊ မပြုမည်ကို စဉ်းစားသုံးသပ်နေသည့်အပြင် ဖြစ်ပေါ်ခဲ့သည့် ဆုံးရှုံးပျက်စီးမှုများအပေါ် အခြေခံ၍ စစ်ပွဲအခြေအနေနှင့် ရန်သူတပ်ဖွဲ့များ၏ လက်နက်ပစ်ခတ်မှုမှ ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုအဆင့် ကိုလည်း အကဲဖြတ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အမေရိကန်စစ်တပ် စစ်လက်နက်ပစ္စည်းများ၊ စစ်နည်းဗျူဟာ များ သို့မဟုတ် စစ်အခြေစိုက်စခန်းများ ဖြန့်ကြက်ထားရှိမှုပုံစံတို့ကို ပြင်ဆင်ရန်လိုအပ်ခြင်း ရှိ၊ မရှိကိုလည်း သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆေးရေးအဖွဲ့က စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ အီရန်စစ်ပွဲကြောင့် အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသရှိ ၎င်း၏ စစ်စခန်းများနှင့် သံတမန်ရေးရာ အဆောက်အအုံများတွင် ဆိုးရွားကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အနည်းဆုံးရာနှင့်ချီသော အဆောက်အအုံနှင့် အခြားသော အခြေခံအဆောက်အဦများ ပျက်စီးခဲ့ကာ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် အစင်းရေ ၅၀ ကျော် ထိခိုက်ပျက်စီးခြင်း သို့မဟုတ် ပျက်စီးဆုံးရှုံးခြင်းများရှိခဲ့ကြောင်း သိရသည်။ ဤသည်မှာ ဖေဖော်ဝါရီလ ၂၈ ရက်မှ ဇွန်လ ၃၀ ရက်အထိ ကာလအတွင်း အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် အကြီးစားစစ်ရေးလုပ်ရှားမှုများ စတင်ပြုလုပ်ချိန်မှစ၍ အမေရိကန်ကြုံတွေ့ခဲ့ရသော ဆုံးရှုံးမှုအခြေအနေ များနှင့်ပတ်သက်၍ ပင်တဂွန်စစ်ဌာနချုပ်က ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ ထို့အပြင် အမေရိကန် ကွန်ဂရက်လွှတ်တော် ဘဏ္ဍာငွေအသုံးစရိတ် စီမံခန့်ခွဲရေးရုံး၏ အစီရင်ခံစာခန့်မှန်းချက်အရ သြဂုတ်လ ၁ ရက်အထိ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ၅ လတာအတွင်း အီရန်စစ်ပွဲအတွက် အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံခန့် သုံးစွဲခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)