“အမေရိကန်ဒေါ်လာ ၆.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ သင်္ဘောကျင်းဖြင့် ရေငုပ်သင်္ဘောတည်ဆောက်မည်ဟု ထရမ့် ကြေညာ”
08 Oct
ဒေသတွင်း၌ ရေငုပ်သင်္ဘောများ၊ ရေငုပ်သင်္ဘော အစိတ်အပိုင်းများနှင့် မောင်းသူမဲ့ရေငုပ်ယာဉ်များ ထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၆.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ သင်္ဘောကျင်းအသစ်တစ်ခုကို တည်ဆောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့် က မေရီလန်းပြည်နယ် Sparrows Point ၌ အောက်တိုဘာလ ၆ ရက်တွင် မိန့်ခွန်းပြောကြားစဉ် ကြေညာခဲ့သည်။ ထရမ့် က မိန့်ခွန်းပြောကြားရာတွင် သင်္ဘောကျင်းအသစ်သည် မျိုးဆက်သစ် အမေရိကန် ရေငုပ်သင်္ဘော များကို တည်ဆောက်မည်ဖြစ်ပြီး မောင်းသူမဲ့ရေငုပ်ယာဉ်များ၊ တော်ပီဒိုပစ်လွှတ်ပြွန်များအပြင် “ဗာဂျီးနီးယား” အမျိုးအစား တိုက်ခိုက်ရေး နျူကလီးယားရေငုပ်သင်္ဘောများ၏ အဓိကအစိတ်အပိုင်းများကိုပါ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါစီမံကိန်းသည် မေရီလန်းပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်း ၃,၁၀၀ ကျော်ကို ဖန်တီး ပေးမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်အကိုင်အခွင့်အလမ်း ၁၁,၀၀၀ ကိုပါ ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ကြောင်း ထရမ့် က ပြောကြားခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် ထုတ်ပြန်ခဲ့သော သတင်းအချက်အလက်များအရ အဆိုပါသင်္ဘောကျင်းသည် “အမေရိကန်နိုင်ငံအတွင်း အလားတူအဆောက်အအုံများအနက် အကြီးဆုံး အဆောက် အအုံ” ဖြစ်လာရန် ခန့်မှန်းထားပြီး အမေရိကန် စစ်လက်နက်ပစ္စည်း ကုမ္ပဏီတစ်ခုဖြစ်သော Anduril Industries က တည်ဆောက်ရေးနှင့် လည်ပတ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် ယင်းအတွက် အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အမေရိကန် ရေတပ် ကလည်း အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံ ထည့်ဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)