“သီတင်းကျွတ်ကာလအတွက် ပုဂံဒေသရှိ ဟိုတယ်၊ မိုတယ်များ ရာခိုင်နှုန်းပြည့် အခန်းပြည့်နေ”
08 Oct
လာမည့်သီတင်းကျွတ်ပိတ်ရက်ရှည်ကာလများမှာ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ လာရောက်ရန် ကြိုတင်ချိတ်ဆက်ထားမှုများကြောင့် ပုဂံဒေသရှိ ဟိုတယ်၊ မိုတယ်များ အားလုံးနီးပါး ရာနှုန်းပြည့်အခန်းများ ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ နှစ်စဉ်သီတင်းကျွတ်ကာလတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ခရီးသွားဝင်ရောက်မှု များပြားလေ့ရှိပြီး ယခုနှစ်မှာ အောက်တိုဘာပထမပတ်ကတည်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများသို့ အွန်လိုင်းမှတစ်ဆင့် ကြိုတင်ချိတ်ဆက်ထားပြီး ဒေသတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ ၈၈ ခုစလုံးမှာ အခန်းများပြည့်နေကြောင်း သိရပါတယ်။ အဆိုပါဦးစီးဌာန၏ စာရင်းများအရ နှစ်စဉ်သီတင်းကျွတ်ကာလရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များမှာ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ခရီးသွားလာရောက်သူဦးရေမှာ တစ်ရက်လျှင် တစ်သိန်းမှတစ်သိန်းခွဲအထိရှိကာ နေ့ချင်းပြန်ခရီးသွားများ ပိုမိုများပြားကြောင်း သိရပါတယ်။ (NVS 008)