“ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသိပ္ပံကျောင်းတို့ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်”
08 Oct
အကြမ်းဖက်အဖွဲ့များ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသိပ္ပံကျောင်းတို့ကို အမြန်ဆုံးပြန်လည် ဖွင့်လှစ်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်နေမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင် က အောက်တိုဘာလ ၇ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဖလမ်းမြို့ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာ ၆ ခန်း တွဲ ၂ ထပ်ပြုပြင်နေမှု၊ သူနာပြုအိမ်ရာ ၈ ခန်းတွဲ RC ၂ ထပ်ဆောင်ပြုပြင်နေမှု၊ ဆရာဝန်အိမ်ရာ ၄ ခန်းတွဲ RC ၂ ထပ် ဆောင်ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံများကို ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေး နိုင်ရန် အရေးကြီးသည့်အခြေခံအဆောက်အအုံများဖြစ်၍ လုပ်ငန်းများပြီးစီးသည်နှင့် ကျန်းမာရေးဝန်ဆောင်မှု အမြန် လည်ပတ်နိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဖလမ်းမြို့သူနာပြုသိပ္ပံ၊ ဘွဲ့နှင်းသဘင် ခန်းမဆောင် RC တစ်ထပ်အဆောက်အအုံ၊ သင်တန်းသူ အိပ်ဆောင်၊ စာသင်ဆောင်နှင့် ကျောင်းအုပ်ကြီးရုံးခန်း အဆောက်အအုံများ ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သူနာပြုသိပ္ပံသင်တန်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)