“မူးယစ်သံသရာအတွင်း ပြန်လည်မရောက်ရှိစေရေး သက်မွေးသင်တန်းများ ဖွင့်လှစ်ပေးထား”
08 Oct
လမ်းမှားရောက်နေတဲ့ လေလွင့်လူငယ်များနှင့် မူးယစ်ဆေးစွဲလူငယ်များ မူးယစ်သံသရာအတွင်း ပြန်လည် မရောက်ရှိစေရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် သက်မွေးပညာသင်တန်း ၄၆ ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း က တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မူးယစ်ဆေးစွဲလူငယ်များအတွက် ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်ကာ ဆေးဖြတ်ကုသပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး လူမှု အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက သက်မွေး ပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ သက်မွေးပညာသင်တန်းများမှ သင်တန်းဆင်းလူငယ် ၄၀၀ ကို သင့်လျော်တဲ့ အလုပ်အကိုင်များ ရရှိနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ လူငယ်များ အလုပ်အကိုင်နှင့်လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိစေရေးအတွက် မြန်မာနိုင်ငံလူငယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်း ရှင်များအသင်းတို့နှင့် ပူးပေါင်း၍ Job Ready Skills Workshop နှင့် Career and Opportunity Fair များ ကျင်းပခြင်း၊ လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန် Internship အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ ဆက်လက်၍ လူငယ်များ အသက်မွေးဝမ်းကျောင်းပညာရပ်များကို လက်လှမ်းမီသင်ယူ နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ သာတူညီမျှအခွင့်အရေးနှင့် လုပ်ငန်းခွင်အတွင်း စိတ်ချ လုံခြုံမှုရှိစေရေးတို့အတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဝင် ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)