“ပြည်သူ့ဆေးရုံများမှာ Hospital Information System စတင်ဆောင်ရွက်”
08 Oct
ပြည်သူ့ဆေးရုံများတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Hospital Information System (HIS)ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Digital နှင့် e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ကျန်းမာရေးကဏ္ဍ၏ ဒစ်ဂျစ်တယ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ဆေးရုံများမှာ Hospital Information System ကိုဆောင်ရွက်နေတဲ့အပြင် ဆေးရုံကြီးများမှာ Telemedicine System ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှာ e-Submission နှင့် Digital Payment System များကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များအနေနဲ့ Digital Student Information Management System ကို တက္ကသိုလ်အားလုံး အသုံးပြုနိုင်တဲ့ Common Digital Platform တစ်ခုဖြစ်လာစေရေး ဆောင်ရွက်ရန်နှင့် Data Security ပိုင်းကို အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြား ပါတယ်။ အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပညာရပ်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)