“၂၀၂၆ ခုနှစ် ဓာတုဗေဒနိုဘယ်လ်ဆုကို ဂျပန်ဓာတုဗေဒပညာရှင် ဆိုအိုင် ကန်ဆိုနှင့် ပြင်သစ် ဓာတုဗေဒ ပညာရှင် ဟန်ရီဘီကာဂန်တို့ ပူးတွဲရရှိ”

08 Oct

ဂျပန်သိပ္ပံပညာရှင် ဆိုအိုင် ကန်ဆိုသည် အချိုးမညီသော အော်ဂဲနစ်ဒြပ်ပေါင်းများ ဖန်တီးခြင်းဆိုင်ရာ သုတေသနတွင် မျဉ်းဖြောင့်မဟုတ်သော သက်ရောက်မှုများနှင့် ဓာတ်ကူပေးခြင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းအတွက် ယခုနှစ် ဓာတုဗေဒဆိုင်ရာနိုဘယ်လ်ဆုကို ဓာတုဗေဒပညာရှင် ဟန်ရီဘီကာဂန်နှင့်အတူ ပူးတွဲရရှိခဲ့ကြောင်း ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီက အောက်တိုဘာလ ၇ ရက်တွင် ကြေညာခဲ့သည်။ မော်လီကျူးအချို့တွင် မှန်ထဲ၌ မြင်ရသည့်ပုံရိပ်ကဲ့သို့ ဆန့်ကျင်ဘက်ပုံစံနှစ်မျိုးရှိနိုင်ကြောင်း အကယ်ဒမီက ပြောကြားခဲ့သည်။ ဆေးဝါးထုတ်လုပ်မှုကဲ့သို့သော ကဏ္ဍများတွင် အဆိုပါပုံစံနှစ်မျိုးအနက် တစ်မျိုးတည်းကိုသာ ရရှိရန်လိုအပ်လေ့ရှိသည်။ သဘာဝတွင် ထိုသို့သောမော်လီကျူးပုံစံများကို တွေ့ရှိနိုင်သော်လည်း ဓာတ်ခွဲခန်းအတွင်းတွင် ဆန့်ကျင် ဘက် ပုံစံနှစ်မျိုးအနက် တစ်မျိုးတည်းကိုသာ ရွေးချယ်၍ ဖန်တီးနိုင်ရန်မှာ ခက်ခဲသည်။ ဆိုအိုင် ကန်ဆို၏ သုတေသနတွေ့ရှိမှုသည် ထိုသို့သောအချိုးမညီသည့် အော်ဂဲနစ်ဒြပ်ပေါင်းများကို ထိန်းချုပ်ဖန်တီးနိုင်ရေးအတွက် အရေးပါသော တိုးတက်မှုတစ်ရပ် ဖြစ်လာခဲ့ကြောင်း အကယ်ဒမီက ပြောကြားခဲ့သည်။ အသက် ၇၆ နှစ်အရွယ် ဆိုအိုင် ကန်ဆိုသည် ဟီရိုရှီးမားမြို့တွင် မွေးဖွားခဲ့ပြီး လက်ရှိတွင် Tokyo University of Science ၌ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ဆိုအိုင် ကန်ဆို၏ နိုဘယ်ဆုရရှိမှုကြောင့် ဂျပန်နိုင်ငံသား နိုဘယ်လ်ဆုရှင် အရေအတွက်မှာ ၃၁ ဦးအထိ ရှိလာခဲ့သည်။ အဆိုပါအရေအတွက်တွင် ဂျပန်နိုင်ငံ၌ မွေးဖွား ကြီးပြင်း၍ ပညာသင်ယူခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန်နိုင်ငံသားခံယူခဲ့သူများ ပါဝင်သည်။ ထို့အပြင် ဂျပန်နိုင်ငံမှ နိုဘယ်လ်ဆုရှင်ပေါ်ထွက်လာခြင်းမှာ ယခုနှစ်အပါအဝင် သုံးနှစ်ဆက်တိုက် ဖြစ်လာခဲ့ကြောင်း NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။

08 Oct

ADVERTISE HERE .