“ဘိုင်ယန်မြူးနစ်အသင်းက ဟယ်ရီကိန်း နှင့် စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိ”
07 Oct
ဘိုင်ယန်မြူးနစ်အသင်းက အသင်းမှ အဓိကကစားသမားတစ်ဦးဖြစ်သည့် ဟယ်ရီကိန်း နဲ့ ၂၀၂၉ ခုနှစ်ထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ကြောင်း Sky Germany သတင်းဝက်ဘ်ဆိုက်က ဖော်ပြ ခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိ ဟယ်ရီကိန်း အနေနဲ့ ၂၀၂၃ ခုနှစ်က စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ ပြီးနောက် အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်း ပြသခဲ့သူဖြစ်ပြီး အစောပိုင်းမှာ အသင်းနှင့် အနာဂတ် မရေမရာဖြစ်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ပြန်လည်ပြောင်းရွှေ့ရန် သတင်းများထွက်ပေါ်ခဲ့ပါတယ်။ သို့သော် ယခုနှစ်ဘောလုံးရာသီ အစပိုင်းက ဟယ်ရီကိန်း နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ရာမှ ၂၀၂၉ ခုနှစ် ဇွန်လထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဟယ်ရီကိန်း နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ စာချုပ်သက်တမ်းမှာ လာမည့် ၂၀၂၇ ခုနှစ် ဇွန်လကုန်တွင် ကုန်ဆုံးမှာဖြစ်ပြီး ၎င်းကိုခေါ်ယူလိုသည့် အသင်းများ ရှိနေတဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီး ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပါတယ်။ ဟယ်ရီကိန်း ဟာ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ လေးရာသီအတွင်း ပြိုင်ပွဲစုံ ၁၅၄ ပွဲတွင် ၁၅၂ ဂိုး သွင်းယူ ထားပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက်လည်း ရေပန်းစားနေသူဖြစ်ကြောင်း သိရပါတယ်။(NVS 008)