“ဧရာဝတီမြစ်ကူးတံတား(သရက်-အောင်လံ)စီမံကိန်းအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ရာခိုင်နှုန်းပြည့် ပြီးစီးရန်လျာထား”

07 Oct

မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နှင့် အောင်လံခရိုင် အောင်လံမြို့အကြားတွင် တည်ဆောက် နေသော ဧရာဝတီမြစ်ကူးတံတား(သရက်-အောင်လံ)စီမံကိန်းအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ရာခိုင်နှုန်းပြည့် ပြီးစီးရန် လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါ တံတားတည်ဆောက်ခြင်းကို ၂၀၁၈-၂၀၁၉(၆ လ)ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် တံတားတစ်စင်းလုံး ပြီးစီးမှုရာခိုင်နှုန်းမှာ ၅၅ ရာခိုင်နှုန်းရှိပြီဖြစ်ပါတယ်။ ဆက်လက်၍ ပင်မတံတားအပေါ်ထည်လုပ်ငန်းဖြစ်သည့် ၁၄၄ မီတာ သံပေါင် ၁၂ ခန်း တပ်ဆင်ခြင်းနှင့် ကြမ်းခင်းလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေကြောင်းနှင့် စုစုပေါင်းသံပေါင် ၁၂ ခန်းအနက် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်တွင် သံပေါင် တပ်ဆင်ခြင်းလုပ်ငန်း ၁၄၄ မီတာ ၅ ခန်းနှင့် ပင်မတံတား ကြိုတင်သွန်းလောင်းကွန်ကရစ် ကြမ်းခင်းထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဧရာဝတီမြစ်ကူးတံတား(သရက်-အောင်လံ)စီမံကိန်းအား လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် သံပေါင် တပ်ဆင်ခြင်းလုပ်ငန်း ၁၄၄ မီတာ ၇ ခန်းနှင့် ပင်မတံတားကြမ်းခင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် တံတားအချောသပ်လုပ်ငန်းများနှင့် တံတားပေါ် AC ကတ္တရာခင်းခြင်းလုပ်ငန်း များကို ဆောင်ရွက်ကာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်ရန်လျာထားတာဖြစ်ပါတယ်။ ဒါ့အပြင် တံတားချဉ်းကပ်လမ်းလုပ်ငန်းများအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ပြီးစီးနိုင်ရေး ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေများတွင် လျာထားဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။(NVS 008)

07 Oct

ADVERTISE HERE .