“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် ထွက်ခွာ”
07 Oct
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ရန်အတွက် ယနေ့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရပါတယ်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအဆင့်မြင့် ဆွေးနွေး ပွဲများ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာ-မလေးရှား နှစ်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့က ဦးစီးကျင်းပသည့် အဆင့်မြင့်အစည်းအဝေးသို့ တက်ရောက်၍ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် အကျိုးတူစီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ထုတ်နိုင်ရေးတို့ကို အားပေး ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။(NVS 008)