“ဖို့ဒ်ဟုဒ်စစ်စခန်း ပစ်ခတ်မှုတရားခံကို လက်မရွံ့သေနတ်ပစ်အဖွဲ့ဖြင့် ကွပ်မျက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သဘောတူ”
07 Oct
၂၀၀၉ ခုနှစ်အတွင်း စစ်စခန်းသေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သော အမေရိကန်ကြည်းတပ် စိတ်ကျန်းမာရေး ဆရာဝန် နီဒယ်လ်ဟာစန်း ကို လက်မရွံ့သေနတ်ပစ်အဖွဲ့ဖြင့် ကွပ်မျက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာလ ၅ ရက်တွင် သဘောတူခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ နီဒယ်လ်ဟာစန်း ကို ကွပ်မျက်မည့်အစီအစဉ်သည် အမေရိကန်တပ်မတော်က ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံးပြုလုပ်မည့် သေဒဏ်စီရင်ကွပ်မျက်မှု ဖြစ်လာမည်ဖြစ်သည်။ နီဒယ်လ်ဟာစန်း သည် ၂၀၀၉ ခုနှစ်တွင် တက္ကဆက်ပြည်နယ် ဖို့ဒ်ဟုဒ်စစ်စခန်း၌ သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး၍ နှစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့သည်။ နီဒယ်လ်ဟာစန်း ကို ကွပ်မျက်မည့်အချိန်နှင့် နေရာတို့ကို အမေရိကန်ကြည်းတပ်က သတ်မှတ်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။ နီဒယ်လ်ဟာစန်း ကို အယ်လ်ခိုင်ဒါဩဇာ မကင်းသည့် အစုအပြုံလိုက် သေနတ်ပစ်ခတ်မှုဖြင့် ၂၀၁၃ ခုနှစ်တွင် စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့သည်။ ပါလက်စတိုင်းနွယ်ဖွား အမေရိကန်နိုင်ငံသား နီဒယ်လ်ဟာစန်း သည် အီရတ်နှင့် အာဖဂန်နစ္စတန်တို့ကို အမေရိကန်တပ်မတော် သိမ်းပိုက်ခဲ့မှုအပေါ် ဆန့်ကျင်သူတစ်ဦးဖြစ်ကြောင်း စစ်ခုံရုံး၏ အဆိုအရသိရသည်။