“စက်တင်ဘာလနှောင်းပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသ ရေနံစိမ်းတင်ပို့မှုပမာဏက အီရန်စစ်ပွဲမတိုင်မီကာလ၏ ပမာဏထက် ကျော်လွန်ခဲ့ဟု Kpler ထုတ်ပြန်”

06 Oct

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းစဉ် သင်္ဘောများတိုက်ခိုက်ခံရမှု ရှိနေသော်လည်း စက်တင်ဘာလ နောက်ဆုံးရက်သတ္တပတ်၏ ၇ ရက်အနက် ၄ ရက်အတွင်း အရှေ့အလယ်ပိုင်းဒေသ ရေနံစိမ်းတင်ပို့မှုပမာဏမှာ အီရန်စစ်ပွဲမတိုင်မီကာလ၏ ပမာဏထက် ကျော်လွန်ခဲ့သည်ဟု နိုင်ငံတကာစျေးကွက်သုတေသနအဖွဲ့အစည်း Kpler ကုမ္ပဏီက အောက်တိုဘာလ ၅ ရက်တွင် ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။ Kpler ၏ ကနဦးအချက်အလက်များအရ အရှေ့အလယ်ပိုင်းဒေသ၏ စက်တင်ဘာလ ၂၄ ရက်နှင့် ၂၇ ရက်မှ ၂၉ ရက်အထိ ကာလအတွင်း ရေနံစိမ်းတင်ပို့မှုပမာဏသည် တစ်ရက်လျှင် ရေနံစည် ၁၉.၅ သန်းမှ ၂၂.၅ သန်း အကြားသို့ မြင့်တက်ခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ အီရန်စစ်ပွဲမဖြစ်ပွားမီ တစ်နှစ် ဖြစ်သည့် ၂၀၂၅ ခုနှစ် မတ်လမှ ယခုနှစ် ဖေဖော်ဝါရီလအထိ ယင်းဒေသ၏ ရေနံစိမ်းတင်ပို့မှုပမာဏသည် တစ်ရက်လျှင် ပျမ်းမျှစည်ပေါင်း ၁၈ သန်းဖြစ်သည်။ အချက်အလက်များအရ အောက်တိုဘာလ ၁ ရက်တွင် ရေနံစိမ်းတင်ပို့မှု၏ ၇ ရက်တာ ရွေ့လျားမှု ပျမ်းမျှ ပမာဏမှာ တစ်ရက်လျှင် စည် ၁၈.၅ သန်းဖြစ်ပြီး ယင်းတို့တွင် ဟော်မုဇ်ရေလက်ကြား၊ ပင်လယ်နီရေလမ်းကြောင်းမှ သယ်ယူပို့ဆောင်မှု၊ ရေနံစိမ်းတင်ပို့သည့် ဂိတ်အသီးသီးမှ တင်ပို့မှုအပြင် အိုမန်ပင်လယ်ကွေ့တွင် ပြုလုပ်သော သင်္ဘောချင်း ကူးပြောင်းတင်ပို့မှုများလည်း ပါဝင်သည်။ စက်တင်ဘာလတွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် တင်ပို့သော သဘာဝဓာတ်ငွေ့ရည်(LNG) သည်လည်း တိုးမြင့်ခဲ့ပြီး ဖေဖော်ဝါရီလနောက်ပိုင်း လစဉ်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ အထက်ပါအချက်အလက်များသည် အလိုအလျောက် ခွဲခြားသတ်မှတ်ရေးစနစ် (AIS) ကို ပိတ်ထားသော သင်္ဘောများ၏ ကုန်တင်ဆောင်နိုင်မှုပမာဏကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပေ။ ထို့အပြင် ဟော်မုဇ်ရေလက်ကြားနှင့် ပတ်ဝန်းကျင်ဒေသတွင် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ အောက်တိုဘာလ ၂ ရက်မှ ၅ ရက်အထိ ဟော်မုဇ်ရေလက်ကြား သို့မဟုတ် အေဒင်ပင်လယ်ကွေ့တွင် နေ့စဉ် အနည်းဆုံးတိုက်ခိုက်မှုဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဗြိတိန် ရေကြောင်းကုန်သွယ်မှု စိစစ်ရေးအဖွဲ့(UKMTO)၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

06 Oct

ADVERTISE HERE .