“အပစ်ရပ်ရေး ၇ ရက်ကြာ အစီအစဉ်အပေါ် အမေရိကန်၏ သဘောထားများကို အီရန် ပြန်လည်သုံးသပ်နေဟု အဆင့်မြင့်သံတမန်ပြောကြား”

06 Oct

အီရန်နိုင်ငံ၏ မကြာသေးမီက အဆိုပြုထားသော အပစ်ရပ်ရေးနှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ရေးဆိုင်ရာ အချက်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ သဘောထားများကို လက်ရှိတွင် ပြန်လည်သုံးသပ် လျက်ရှိသည်ဟု အီရန်အဆင့်မြင့်သံတမန်တစ်ဦးက အောက်တိုဘာလ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း အစိုးရက တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သော မီဒီယာ Fars သတင်းဌာနက ဖော်ပြခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဥပဒေနှင့် နိုင်ငံတကာရေးရာ ဒုတိယဝန်ကြီး Kazem Gharibabadi က တီဟီရန်မြို့၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံအနေဖြင့် အီရန်၏ အဆိုပြုချက်အပေါ် ၎င်းတို့၏ သဘောထားများကို ကြားဝင်စေ့စပ်သူများမှတစ်ဆင့် ပေးပို့ခဲ့ကြောင်းဆိုသည်။ အီရန်၏ အဆိုပြုချက်မှာ လွန်ခဲ့သည့်လနှောင်းပိုင်းက နယူးယောက်မြို့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi က တစ်ဖက်နိုင်ငံထံ အဆိုပြုခဲ့သည့် “၇ ရက်ကြာ အစီအစဉ်” ပင်ဖြစ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။ “အမေရိကန်ရဲ့ သဘောထားတွေကို လက်ရှိမှာ နိုင်ငံအတွင်းက သင့်လျော်တဲ့ လမ်းကြောင်းတွေကတစ်ဆင့် ပြန်လည်သုံးသပ်နေပါတယ်” ဟု Gharibabadi က ပြောကြားခဲ့ပြီး အီရန်၏ နောက်ဆုံးသဘောထားများ အဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် “သင့်လျော်သော လမ်းကြောင်းများ” မှတစ်ဆင့် လိုအပ်သည့် လုပ်ဆောင်ချက် များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့ပြင် အီရန်နိုင်ငံအနေဖြင့် အခြားသော မည်သည့်အခြေအနေမျိုးအတွက်မဆို လိုအပ်သော ပြင်ဆင်မှုများကို တစ်ပြိုင်နက်တည်း လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ နယူးယောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သော (၈၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပြင်ပတွင် ကြားဝင်စေ့စပ်သူများမှတစ်ဆင့် တိုက်ခိုက်မှုများရပ်စဲရေးနှင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးဆိုင်ရာ အဆိုပြုထားသည့် ၇ ရက်ကြာအစီအစဉ်ကို အီရန်နိုင်ငံက စက်တင်ဘာလ ၂၂ ရက်တွင် အမေရိကန်နိုင်ငံထံ ပေးပို့ ခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၂၈ ရက်က အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့က တီဟီရန်မြို့နှင့် အခြားအီရန်မြို့များအပေါ် ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ အီရန်နိုင်ငံကလည်း ဒေသတွင်းရှိ အစ္စရေးနှင့် အမေရိကန် စစ်တပ်စခန်း များနှင့် ပိုင်ဆိုင်မှုများကို ပစ်မှတ်ထား၍ ဒုံးကျည်နှင့် မောင်းသူမဲ့လေယာဉ်များဖြင့် အကြိမ်များစွာ တုံ့ပြန်တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြားတွင် ၎င်းတို့၏ ထိန်းချုပ်နိုင်မှုကို ပိုမိုတင်းကျပ်ခဲ့သည်။ စစ်ပွဲဖြစ်ပွားနေသည့် နှစ်ဖက်နိုင်ငံအကြား ဧပြီလ ၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး ရရှိခဲ့သည်။ ဇွန်လ ၁၈ ရက်တွင် အီရန်နှင့် အမေရိကန်နိုင်ငံတို့သည် ဒေသတွင်း၌ဖြစ်ပွားနေသည့် စစ်ပွဲကို ဘက်ပေါင်းစုံမှ အဆုံးသတ်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU)တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံတို့သည် နောက်ဆုံးအပြီးသတ် သဘောတူညီချက် ရရှိစေရန် အတွက် သတ်မှတ်ရက် ဩဂုတ်လ ၁၇ ရက်အထိ ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်ထား ခဲ့ကြသည်။ သို့သော်လည်း တင်းမာမှုများ ဆက်လက်မြင့်တက်လာသည်နှင့်အမျှ နှစ်ဖက်စလုံးအနေဖြင့် သဘော တူညီချက်တစ်ခု ရရှိရေးအတွက် လုံလောက်သော တိုးတက်မှုများ ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ (Repost from Xinhua)

06 Oct

ADVERTISE HERE .