“အမေရိကန်စစ်တပ်က B-1 ဗုံးကြဲလေယာဉ်အားလုံးကို ဗြိတိန်လေတပ်စခန်းမှ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်မီဒီယာ ဖော်ပြ”
06 Oct
အမေရိကန်စစ်တပ်သည် B-1 ဗုံးကြဲလေယာဉ်အားလုံးကို ဗြိတိန်တော်ဝင်လေတပ် Fairford စခန်းမှ ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း အမေရိကန် The Wall Street Journal က အောက်တိုဘာလ ၄ ရက်တွင် သတင်းထုတ်ပြန် ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် လုံခြုံရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုကြောင့်ဖြစ်ပြီး အထူးသဖြင့် အဆိုပါ လေတပ် စခန်းသည် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပစ်မှတ်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း အမေရိကန် အစိုးရအရာရှိက ဆိုသည်။ လေတပ်စခန်းတွင် ဖြန့်ကြက်ထားသော အမေရိကန်စစ်တပ် ဗုံးကြဲလေယာဉ်အားလုံးကို အမေရိကန် ပြည်တွင်းလေတပ်စခန်းများ၌ ပြန်လည်ဖြန့်ကြက် နေရာချထားပြီးဖြစ်ကြောင်းနှင့် အမေရိကန်ပြည်တွင်းမှ တိုက်ခိုက်မှုလုပ်ဆောင်ရန် အချိန်မရွေးအသင့်ပြင်ထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်ခုကို ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားသည်။ အမေရိကန်စစ်တပ်က အီရန်အပေါ် အကြီးစား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ချိန်တွင် Fairford လေတပ်စခန်းမှ B-1 နှင့် B-52 ဗုံးကြဲလေယာဉ်များဖြင့် အီရန်အား တိုက်ခိုက်ခဲ့ဖူးကြောင်း၊ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ အမေရိကန်စစ်တပ် B-52 ဗုံးကြဲလေယာဉ်များကို အဆိုပါစခန်းမှ ရုပ်သိမ်းခဲ့ပြီး အချို့သော B-1 ဗုံးကြဲလေယာဉ်များလည်း အမေရိကန်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါစခန်း၌ လက်ကျန် B-1 ဗုံးကြဲလေယာဉ် တစ်ဒါဇင်ကျော်ရှိခဲ့ရာမှ လေကြောင်းခရီးစဉ် ခြေရာခံစောင့်ကြည့်မှုအရ ယခု သီတင်းပတ်တွင် Fairford လေတပ်စခန်းမှ အဆိုပါ B-1 ဗုံးကြဲလေယာဉ်များ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းက ဆိုထားသည်။ ဗြိတိန်နိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့သည် စက်တင်ဘာလ ၂၇ ရက်က Fairford လေတပ် စခန်းအနီးတွင် “အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန်” ကြံစည်သည်ဟု သံသယရှိသူ အမျိုးသား ၅ ဦးကို ဖမ်းဆီး ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် အင်ဒီ ဘာနမ် က Fairford လေတပ်စခန်းကို ပစ်မှတ်ထားသည့် သံသယဖြစ်ဖွယ် လုပ်ရပ် များတွင် အီရန်ပါဝင်ပတ်သက်နေသည်ဟု ဖော်ပြသည့် “ခိုင်မာသော အထောက်အထားများ” ရှိကြောင်း စက်တင်ဘာလ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ အီရန်ဘက်က ဘာနမ် ၏ ပြောဆိုချက်ကို ပယ်ချခဲ့ပြီး ယင်းဖြစ်ရပ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ (Repost from Xinhua)