“ယီမင်တွင် အစိုးရက စစ်ရေးလှုပ်ရှားမှုအသစ် ပြုလုပ်နေစဉ် ဆော်ဒီက လေကြောင်းတိုက်ခိုက်မှု ၁၀၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဟူသီထုတ်ပြန်”
06 Oct
ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသော ဒေသများတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆော်ဒီအာရေဗျက လေကြောင်းနှင့် ဒုံးကျည်တိုက်ခိုက်မှု ၁၀၆ ကြိမ်ပြုလုပ်ခဲ့ကြောင်း ယီမင်နိုင်ငံရှိ ဟူသီ လက်နက်ကိုင်အဖွဲ့က အောက်တိုဘာလ ၄ ရက်တွင် ပြောကြားခဲ့ပြီး တစ်ချိန်တည်းမှာပင် နိုင်ငံအတွင်း ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာစဉ် နိုင်ငံတကာအသိအမှတ်ပြုထားသော အစိုးရကလည်း ဟူသီတို့ထံမှ နယ်မြေများကို ပြန်လည် သိမ်းပိုက်ရန် စစ်ရေးလှုပ်ရှားမှုအသစ်စတင်ကြောင်း ကြေညာခဲ့သည်။ ဟူသီစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ဆော်ဒီ၏ တိုက်ခိုက်မှုများသည် မြို့တော်ဆန်နားနှင့် Al-Jawf နှင့် Taiz အပါအဝင် ပြည်နယ်များကို ထိမှန်ခဲ့ကြောင်း လူမှုမီဒီယာ X တွင် ပြောကြားခဲ့သည်။ လက်ရှိတင်းမာမှုများ စတင်ချိန်မှစ၍ ယခုနောက်ဆုံးတိုက်ခိုက်မှုများကြောင့် ဆော်ဒီ၏ လေကြောင်းနှင့် ဒုံးကျည် တိုက်ခိုက်မှု အရေအတွက်မှာ ၁,၅၁၆ ကြိမ်အထိ ရှိလာပြီဖြစ်ကြောင်း Sarea က ဆိုသည်။ အဆိုပါကိန်းဂဏန်းများကို သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ တိုက်ခိုက်မှုနှင့် စပ်လျဉ်း သည့် ဟူသီတို့၏ ထုတ်ပြန်ချက်အပေါ် ဆော်ဒီအာရေဗျဘက်က တစ်စုံတစ်ရာ အတည်ပြုပြောကြားခြင်း မရှိသေးပေ။ ဟူသီအဖွဲ့၏ ကြေညာချက်သည် ယီမင်အစိုးရက ၎င်းတို့ခေါ်ဆိုသည့် လွတ်မြောက်ရေးတိုက်ပွဲ စတင်ပြီ ဖြစ်ကြောင်းကြေညာပြီး နာရီအနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်ကာ ဟူသီလက်နက်ကိုင်အဖွဲ့ ထိန်းချုပ် ထားသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် ၎င်း၏စစ်ဆင်ရေးတွင် အဆင့်သစ်တစ်ရပ်သို့ ဝင်ရောက်လာခြင်းကို ဖော်ပြနေသည်။ ယီမင်ပဋိပက္ခသည် နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးတင်းမာမှုများအနက် တစ်ခုအဖြစ်သို့ ရောက်ရှိ လာချိန်တွင် ယီမင်နိုင်ငံ အနောက်တောင်ပိုင်းတစ်ဝန်း ပြင်းထန်သောတိုက်ပွဲများ ပျံ့နှံ့လာပြီး ဒုံးကျည်၊ မောင်းသူမဲ့ လေယာဉ်နှင့် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့နှင့် ဆော်ဒီ အာရေဗျ တို့အကြား တိုက်ရိုက်ရန်လိုမှုများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့က မြို့တော်ဆန်နားနှင့် မြောက်ပိုင်းယီမင်၏ ဒေသအများစုကို ၂၀၁၄ ခုနှစ် နှောင်းပိုင်း၌ သိမ်းပိုက်ခဲ့ချိန်တွင် ယီမင်ပဋိပက္ခ စတင်ခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြုထားသော ယီမင်အစိုးရကို ထောက်ခံသည့်အနေဖြင့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ၂၀၁၅ ခုနှစ် မတ်လတွင် ယီမင်နိုင်ငံအတွင်းသို့ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း ဖြစ်သည်။ (Repost from Xinhua)