“ထရမ့်က စူပါဉာဏ်ရည်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းကြောင်းကြေညာ”
06 Oct
အမေရိကန်သမ္မတ ထရမ့် က စူပါဉာဏ်ရည်လုပ်ငန်းအဖွဲ့(Super Intelligence Force) ဖွဲ့စည်းကြောင်း ကြေညာကာ အမျိုးသားထောက်လှမ်းရေးဒါရိုက်တာ Jay Clayton အပါအဝင် ခေါင်းဆောင်အဖွဲ့ကို ခန့်အပ်ခဲ့ကြောင်း အောက်တိုဘာလ ၄ ရက်တွင် လူမှုကွန်ရက်ပေါ်၌ ရေးသားဖော်ပြခဲ့သည်။ ထရမ့် က ယင်းလုပ်ငန်းအဖွဲ့၏တာဝန်မှာ ဖက်ဒရယ်အစိုးရ၏ လုပ်ငန်းအသီးသီးကို ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ပြီး စူပါဉာဏ်ရည်နယ်ပယ်တွင် အမေရိကန်သည် ကမ္ဘာ့ဦးဆောင်နေရာအား ဆက်လက်ထိန်းသိမ်းနိုင်ရေးကို သေချာစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းလုပ်ငန်းအဖွဲ့သည် ဖက်ဒရယ်အစိုးရနှင့် စားသုံးသူများ၊ ပြည်သူ့ အကျိုးပြု အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အခြေခံအဆောက်အအုံ ထောက်ပံ့ပေးသူများနှင့် ဉာဏ်ရည်တုလုပ်ငန်း ကုမ္ပဏီများအကြား အပြန်အလှန်ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ယူလုပ်ဆောင်မည်ဖြစ်သည်။ ၎င်းခေါင်းဆောင်အဖွဲ့တွင် Clayton၊ အမေရိကန် ဖက်ဒရယ်ကုန်သွယ်ရေး ကော်မရှင် ဥက္ကဋ္ဌ Andrew Ferguson၊ ကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Emil Michael နှင့် ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုရုံး ညွှန်ကြားရေးမှူး Scott Kupor တို့ပါဝင်ပြီး အမေရိကန်သမ္မတနှင့် အိမ်ဖြူတော်ရုံးအဖွဲ့အကြီးအကဲ Susie Wiles ထံ တိုက်ရိုက်အစီရင်ခံမည်ဖြစ်သည်။ ထရမ့် က စက်တင်ဘာလ ၂၉ ရက်တွင် အမိန့်ကြေညာစာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဉာဏ်ရည်တု (AI)ဟူသော အသုံးအနှုန်းကို စူပါဉာဏ်ရည်(SI)ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ထိုနေ့တွင်ပင် အမေရိကန်နည်းပညာ လုပ်ငန်း ကုမ္ပဏီအများအပြား၏ တာဝန်ခံများသည် အိမ်ဖြူတော်၌ အိမ်ဖြူတော်စူပါဉာဏ်ရည်သဘောတူညီချက် - ရှေ့တန်းတာဝန်ယူမှုဆိုင်ရာ ပူးတွဲကတိကဝတ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသဘောတူညီချက်သည် ကုမ္ပဏီများအား ရှေ့တန်းဉာဏ်ရည်တုမော်ဒယ်များအပေါ် လုံခြုံရေးစီမံထိန်းချုပ်မှု အားကောင်းစေရေးကို ကတိ ကဝတ်ပြုရန် တောင်းဆိုထားသည်။ ထရမ့် က ယင်းသဘောတူညီချက်သည် ကျင့်ဝတ်ဆိုင်ရာစည်းနှောင်မှု အား ရှိသည်ဟု ပြောကြားခဲ့သည်။ (Repost from Xinhua)