“သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးမည်”
06 Oct
၂၀၂၆ ခုနှစ် ဆောင်းရာသီတွင် သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးထားပါတယ်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မိုး၊ ဆောင်းနှင့် မိုးကြိုရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်၍ ထုတ်ချေးပေးလျက်ရှိပါတယ်။ ယခုအစီအစဉ်အရ မြေတစ်မျိုးတည်းတွင် သီးထပ်သီးနှံအဖြစ် စိုက်ပျိုးမည့် တောင်သူများကိုလည်း တိုးမြှင့် သတ်မှတ်ထားတဲ့ ချေးငွေနှုန်းထားအတိုင်း ထပ်မံချေးငွေထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ သီးထပ်စိုက်ပျိုးရေး ချေးငွေထုတ်ချေးရာမှာ စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါနှင့် ချက်ကြံ စသည့် အဓိကသီးနှံ ၁၀ မျိုးကို အဓိကထားထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ သီးထပ်စိုက်ပျိုးရေးချေးငွေများကို ၂၀၂၆ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးတဲ့ကာလ ဖြစ်သော အောက်တိုဘာလဒုတိယပတ်မှစတင်၍ ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ သို့ဖြစ်၍ ဆောင်းရာသီမှာ သီးထပ်စိုက်ပျိုးမည့် တောင်သူများအနေနဲ့ သက်ဆိုင်ရာမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲ များသို့ ဆက်သွယ်၍ ချေးငွေလျှောက်ထားနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးထားပါတယ်။ (NVS 004)