“အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်လာနိုင်၍ ကြိုတင်ပြင်ဆင်ထားရမည့်အချက်များကို နိုင်ငံတော်သမ္မတလမ်းညွှန်”

06 Oct

အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်လာနိုင်တဲ့အတွက် ပူပြင်းခြောက်သွေ့မှုနှင့် ရေရှားပါးမှုအပါအဝင် ကြုံတွေ့ လာနိုင်တဲ့ ရာသီဥတုဆိုင်ရာအခြေအနေများကို ရင်ဆိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ ၅ ရက်တွင် ဒုတိယသမ္မတများ၊ တပ်မတော်ကာကွယ်ရေးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့်တွေ့ဆုံစဉ် မှာကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ဆောင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်ပေမယ့် အယ်လ်နီညို၏ သက်ရောက်မှုကြောင့် ပူပြင်းခြောက်သွေ့မှုများနှင့် မြေအောက်ရေခမ်းခြောက်မှုများ ကြုံတွေ့လာနိုင်ပြီး လက်ရှိအချိန် အချို့မြို့နယ်များမှာ ပုံမှန်ထက်အပူချိန် ပိုမိုမြင့်မားမှုများရှိနေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ကြုံတွေ့လာ နိုင်တဲ့ ရာသီဥတုဆိုးရွားမှုများအတွက် လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်ကြရန်နှင့် လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီမတိုင်မီအထိ အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပူပြင်းမှုဒဏ်ကို ကျော်ဖြတ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် မှာကြားခဲ့ပါတယ်။ ယင်းအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများကို စနစ်တကျထိန်းသိမ်းသုံးစွဲခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ခြင်း၊ ဆည်နှင့်တာတမံများမှာ ရေများသိုလှောင်စုဆောင်းထားခြင်းနှင့် မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း လမ်းညွှန်ခဲ့ပါတယ်။ ဒါ့အပြင် ကြာရှည်အထားခံပြီး စားသုံးနိုင်သည့် အသီးအနှံနှင့် စားရေရိက္ခာများ စုဆောင်းထားခြင်း၊ မိုးနှောင်းရာသီသီးနှံများကို သတ်မှတ်ပန်းတိုင်ပြည့်မီအောင် စိုက်ပျိုးခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ခြင်းတို့ကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါတယ်။ (NVS 004)

06 Oct

ADVERTISE HERE .