“တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများကျင်းပရန် ဥရောပသမဂ္ဂ ကုန်သွယ်ရေးအကြီးအကဲ ပေကျင်းသို့ သွားမည်”
06 Oct
ဥရောပသမဂ္ဂ(အီးယူ) ကုန်သွယ်ရေးအကြီးအကဲ မားရော့စ်ဆက်ဖ် ကိုဗစ် သည် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ နှစ်ရက်ကြာသွားရောက်၍ တရုတ်နိုင်ငံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ အီးယူနှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးပဋိပက္ခ ဖြစ်ပွားမည့်အရေးကို ရှောင်ရှားနိုင်ရေးအတွက် တရုတ် နိုင်ငံသို့သွားရောက်၍ ကုန်သွယ်ရေးဆွေးနွေးပွဲများကျင်းပရန် အီးယူကုန်သွယ်ရေးအကြီးအကဲက စီစဉ်ထားခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် မော်တော်ယာဉ်ထုတ်လုပ်တင်ပို့မှုကဲ့သို့ အရေးကြီးသည့် ကုန်သွယ်ရေးနယ်ပယ်များ၌ တရားမျှတမှုမရှိသည့် ဈေးကွက်ယှဉ်ပြိုင်မှုများ ပြုလုပ်နေကြောင်း ဥရောပသမဂ္ဂက ယုံကြည်ထားသည်။ ထို့ပြင် အဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုကဏ္ဍတွင်းသို့ တရုတ်ကုမ္ပဏီများ ဝင်ရောက်လာမှုကြောင့် အီးယူ၏အစဉ်အလာ စက်မှုလုပ်ငန်းများ ထိခိုက်မည့်အရေးကိုလည်း အီးယူခေါင်းဆောင်များက စိုးရိမ်လျက်ရှိသည်။ လက်ရှိ ကုန်သွယ်မှုတန်ဖိုး မညီမျှမှုပြဿနာနှင့်ပတ်သက်၍ အီးယူ၏စိုးရိမ်မှုများကို ဖြေရှင်းရန် တရုတ်နှင့် အီးယူတာဝန်ရှိသူများသည် ယခုနှစ် ဇွန်လမှစ၍ ကုန်သွယ်ရေးဆွေးနွေးပွဲများ ဆက်တိုက်ကျင်းပခဲ့ကြောင်း သိရသည်။