“စက်တင်ဘာလတွင် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများ လေးနှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ လာကြောင်း FAO ပြောကြား”
05 Oct
ထောက်ပံ့ပို့ဆောင်ရေး ပြတ်တောက်မှုများနှင့် ရာသီဥတုအခြေအနေများအပေါ် စိုးရိမ်ပူပန်မှုများကြားတွင် စက်တင်ဘာလအတွင်း ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများအနေဖြင့် လေးနှစ်နီးပါးကာလအတွင်း အမြင့်ဆုံး အဆင့်သို့ မြင့်တက်လာခဲ့သည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က အောက်တိုဘာလ ၂ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။ FAO စားသောက်ကုန်ဈေးနှုန်း ညွှန်းကိန်းသည် စက်တင်ဘာလတွင် ပျမ်းမျှ ၁၃၆.၀ မှတ်ရှိခဲ့ပြီး ယင်းမှာ သြဂုတ်လအတွက် ပြန်လည်ပြင်ဆင်ထားသော ၁၃၄.၀ မှတ်ထက် မြင့်တက်လာခြင်းဖြစ်ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ လမှစ၍ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်လအတွင်း ကောက်ပဲသီးနှံ၊ သကြားနှင့် ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းများအတွက် FAO ၏ စံအမှတ်များအားလုံး မြင့်တက်ခဲ့သော်လည်း အသားနှင့် နို့ထွက်ပစ္စည်း ဈေးနှုန်းများမှာမူ ကျဆင်းခဲ့သည်။ ဟော်မုဇ်ရေလက်ကြားနှင့် ပင်လယ်နက်ဒေသတို့တွင် ဖြစ်ပေါ်နေသော ထောက်ပံ့ပို့ဆောင်ရေး ပြတ်တောက် မှုများနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိခိုက်မှုများ ပေါင်းစပ်လိုက်သည့်အခါ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် အဓိကစားသောက်ကုန်များအပေါ် ဖိအားများဖြစ်ပေါ်စေလျက်ရှိကြောင်း FAO စီးပွားရေးပညာရှင်ချုပ် Maximo Torero က ပြောကြားခဲ့သည်။ အကယ်၍ ထိုသို့သောဖိအားများ ဆက်လက်တည်ရှိနေပါက နောက်ဆုံးတွင် အထူးသဖြင့် စားသောက်ကုန်နှင့် စွမ်းအင်တင်သွင်းမှုအပေါ် မှီခိုအားထားနေရသည့် နိုင်ငံများရှိ စားသုံးသူများဝယ်ယူရသည့် စားသောက်ကုန်ဈေးနှုန်း များအထိ သက်ရောက်မှုရှိလာနိုင်သည်ဟု Torero က ဆိုသည်။ ပြင်းထန်သော အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကြောင့် နိုင်ငံတကာ သကြားဈေးနှုန်းများမှာ ၁၈ လအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ပဋိပက္ခများကြား ပင်လယ်နက်ဒေသ ကုန်သွယ်မှုတွင် အလျဉ်ပြတ်ခြင်းတို့ကြောင့် စက်တင်ဘာလအစောပိုင်းတွင် ဂျုံအရောင်းအဝယ်စာချုပ် ဈေးနှုန်း များမှာ သုံးနှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း FAO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ကောက်ပဲသီးနှံ ထုတ်လုပ်မှုပမာဏကို မက်ထရစ်တန်ချိန် ၂.၉၇၉ ဘီလီယံ ရှိမည်ဟု FAO က ခန့်မှန်းထားပြီး ၎င်းပမာဏမှာ ယခင်ခန့်မှန်းချက်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပြောင်းလဲမှုမရှိပေ။ အဆိုပါပမာဏသည် ၂၀၂၅ ခုနှစ်က အဆင့်ထက် ၂.၁ ရာခိုင်နှုန်း လျော့နည်းသော်လည်း မှတ်တမ်းများအရ ဒုတိယအများဆုံးပမာဏ ဖြစ်နေဆဲဖြစ်သည်။ ထို့ပြင် ပင်လယ်နက်ဒေသအတွင်း သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများ ကန့်သတ်ခံထား ရသဖြင့် ဂျုံနှင့် ပြောင်းတင်ပို့မှု လျော့နည်းနိုင်သည်ဟု ခန့်မှန်းထားခြင်းကြောင့် ၂၀၂၆/၂၇ ခုနှစ်အတွက် ကမ္ဘာ့ ကောက်ပဲသီးနှံ ကုန်သွယ်မှုဆိုင်ရာခန့်မှန်းချက်ကိုလည်း FAO က စက်တင်ဘာလ ခန့်မှန်းချက်အောက် ၀.၇ ရာခိုင်နှုန်း လျှော့ချသတ်မှတ်ခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)