“ပိုမိုတည်ငြိမ်သော အမေရိကန်-တရုတ်ဆက်ဆံရေးက ကမ္ဘာကြီးအတွက်အရေးပါဟု အမေရိကန်ကျွမ်းကျင် ပညာရှင်ပြော”
05 Oct
ပိုမိုတည်ငြိမ်သော အမေရိကန်-တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံဆက်ဆံရေးဆိုသည်ထက် များစွာ ကျော်လွန်၍ သက်ရောက်မှုများရှိလာမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယင်းနှစ်နိုင်ငံစလုံးသည် ကမ္ဘာ့ စီးပွားရေးနှင့် နက်ရှိုင်းစွာချိတ်ဆက်လျက်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေခြင်းကြောင့်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ၏ အထင်ကရ တရုတ်နိုင်ငံရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။ မကြာသေးမီက အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် သည် တရုတ် အမျိုးသားတို့၏ မဟာပြန်လည်အားသစ်လောင်းရေးနှင့် အမေရိကန် ပြန်လည်ကြီးမြတ်လာစေရေးတို့ကို အတူ လက်တွဲဖော်ဆောင်နိုင်ပြီး အပြန်အလှန်ဖြည့်စွက်ပံ့ပိုးပေးနိုင်ကာ ကမ္ဘာကြီးကိုလည်း အကျိုးပြုနိုင်မည်ဟု ပြောကြား ခဲ့ကြောင်း ဒုခ်တက္ကသိုလ်ဥက္ကဋ္ဌ၏ တရုတ်နိုင်ငံရေးရာ အကြီးတန်းအကြံပေးဟောင်း ဒန်းနစ် ဆီမွန် က ဆင်ဟွာ သတင်းဌာနသို့ စာဖြင့်ဖြေကြားခဲ့သော အင်တာဗျူးတစ်ခု၌ ထောက်ပြပြောဆိုခဲ့သည်။ “အဲဒီအချက်ဟာ ဆက်ဆံရေးကို အနိုင်အရှုံး အားပြိုင်မှုတစ်ခုအနေနဲ့ ရှုမြင်တာထက် အပြန်အလှန် အမျိုးသား အကျိုးစီးပွားအရ မူဘောင်သတ်မှတ်ဖို့ ကြိုးပမ်းချက်တစ်ခုလို့ပဲ မြင်မိပါတယ်။ တရုတ်နိုင်ငံရော အမေရိကန်နိုင်ငံပါ သူတို့ရဲ့ နိုင်ငံလုံးဆိုင်ရာ ရည်မှန်းချက်တွေနဲ့ ပြည်တွင်းဦးစားပေးလုပ်ငန်းစဉ်တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ အဲဒီ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် တစ်ဖက်နိုင်ငံ ကျရှုံးသွားဖို့ မဖြစ်မနေလိုအပ်နေတာမျိုးတော့ မဟုတ်ပါဘူး” ဟု ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ Duke Kunshan တက္ကသိုလ်အမှုဆောင် ဒုတိယအဓိပတိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဆီမွန် က ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)